Wednesday, November 2, 2011

အံသွားတစ်ချောင်းကစတဲ့ဇာတ်လမ်း





ယေဘူယျအားဖြင့် လူတွေမှာ အပေါ်-အောက်မေးရိုး၊ ဘယ်ညာမှာ ကြီးသွားအံသွားသုံးချောင်းစီပေါက်လေ့ရှိပါတယ်။ (တချို့လည်းအံဆုံးမပေါက်ကြပါဘူး) အဲဒီထဲကမှ ရှေ့သွားကနေရေရင်နံပါတ် (၆) ဖြစ်တဲ့ပထမအံသွားတွေဟာ အသက် (၆)နှစ်ကတည်းက စပေါက်တာကတစ်ကြောင်း၊ ပေါက်ခါစသွားရဲ့ဝါးတဲ့မျက်နှာပြင်မှာ ချိုင့်တွေ လိုင်းကြောင်းတွေပါတာကတစ်ကြောင်း၊ ညစဉ်သွားတိုက်ဖို့အမြဲဖိအားပေးလမ်းညွှန်ရမှန်းမိဘတော်တော်များများက သတိမထားမိတာတစ်ကြောင်းတို့ကြောင့် ငယ်ငယ်ရွယ်ရွယ်မှာတင် အများဆုံးပိုးစားဆွေးမြေ့ပြီး၊ အများဆုံးနှုတ်ခံရတဲ့သွားဖြစ်ပါတယ် (Zardik, 2008)။ တကယ်တော့ ဒီအံသွားတစ်ချောင်းစပြီးအနှုတ်ခံရတာကနေ ဇာတ်လမ်းကမရှည်သင့်ဘဲရှည်သွားရတဲ့သူတွေအများကြီးရှိပါလိမ့်မယ်။ အချိန်မီပြန်အစားမထိုးခဲ့ရင်ပေါ့။

သွားတွေအားလုံးစုံစုံလင်လင်ရှိနေတဲ့အချိန်မှာ အပေါ်သွားတွေနဲ့အောက်သွားတွေဖိကြိတ်ပြီးအစာဝါးကြပါတယ်။
အောက်ပထမအံသွားတစ်ချောင်းပိုးစားလို့ဖြစ်ဖြစ်၊ ခဲလုံးဝါးမိလို့ထက်ခြမ်းကွဲပြီးဖြစ်ဖြစ်နှုတ်လိုက်ရပြီး၊ ပြန်အစားမထိုးခဲ့ရင် အောက်ကပုံထဲကအတိုင်း အပေါ်ပထမအံက ၀ါးတဲ့နေရာမှာမထိတော့တဲ့အတွက် အသုံးမရှိတော့ပါဘူး။ ဒါကြောင့်သွားတစ်ချောင်းဆုံးရှုံးရင် သွားနှစ်ချောင်းစာရဲ့လုပ်ငန်းဆောင်တာဆုံးရှုံးတာနဲ့အတူတူပါဘဲ။


ဒါနဲ့တင်ဇာတ်လမ်းကရပ်မနေပါဘူး။ တန်ပြန်ထိစရာသွားမရှိတော့တဲ့အတွက် အပေါ်ပထမအံသွားက တဖြည်းဖြည်းရှည်ကျလာပါတယ်။ အဲသလိုရှည်လာတဲ့အတွက် ဘေးသွားနဲ့အတိအကျထိနေခဲ့တဲ့ထိချက်က ပျောက်သွားပါတယ်။ သွားတွေက ခါးလည်မှာသိမ်နေလို့ပါဘဲ။ ဘေးတဖက်တချက်စီမှာ နေရာလွတ်တွေပေါ်လာပြီး စားတိုင်းမှာအစာတွေညပ်စပြုလာပါတော့တယ်။

သွားဖုံးအောက်မှာလုံလုံခြုံခြုံရှိနေခဲ့တဲ့ သွားမြစ်ပိုင်းကလည်း တဖြည်းဖြည်းပေါ်လာပါတော့တယ်။ သဘာဝသွားရဲ့ခေါင်းပိုင်းမှာ မာကျောလှတဲ့ကြွေလွှာနဲ့ဖုံးအုပ်ထားလို့ ပိုးစားဖို့သိပ်မလွယ်ပေမယ့် သွားမြစ်ပိုင်းမှာတော့ကြွေလွှာမရှိလို့ ပိုးစားဖို့ပိုလွယ်ပါတယ်။


အောက်သွားမှာလည်းပြောင်းလဲမှုတွေဖြစ်လာပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ဒုတိယအံသွားက ရှေ့ကိုယိုင်ဆင်းလာပါတယ်။ အစာတွေက စောင်းနေတဲ့သွားမှာစုပုံလာပြီး သွားဖုံးစရောင်လာလို့ သွားဖုံးအိတ်စဖြစ်လာပါတယ်။ အိတ်ထဲမှာအစာတွေပိုးမွှားတွေစုစုလာပါတော့တယ်။


သွားဖုံးကနေ သွားဖုံးရိုးအထိပါ ရောင်ရမ်းတာပြန့်လာပြီး သွားဖုံးရိုးစားလာ-နိမ့်ကျလာပါတယ်။ သွားခိုင်ခန့်မှုနည်းလာပြီး လှုပ်လာနဲ့လာပါတော့တယ်။
အပေါ်သွားတွေမှာလည်း သွားပိုးစားရောဂါ သွားဖုံးနဲ့သွားမြစ်ဝန်းရောင်ရမ်းရောဂါတွေဖြစ်လာပါတယ်။



ဒီလိုနဲ့မကုဘဲထားရင် သွားမြစ်ထိပ်ပြည်တည်နာတွေ ရောင်ရမ်းနာတွေဆက်ဖြစ်ပါတော့တယ်။


နောက်မှာတော့ ဒီအံသွားတွေအားလုံးဆုံးရှုံးရတဲ့အဖြစ်ကိုရောက်ရတော့တာပါဘဲ။


ဒီလိုအဆိုးဇာတ်လမ်းတွေမရှည်ရစေဖို့ အတွက် သွားနဲ့ခံတွင်းသန့်ရှင်းရေးနဲ့ သွားတွေကိုအနှုတ်မခံရအောင်ထိန်းသိမ်းဖို့၊ တနှစ်တကြိမ်အနည်းဆုံးစစ်ဆေးပြီးသွားပိုးစားရောဂါဖြစ်နေရင်စောလျင်စွာနဲ့အချိန်မီကုသဖို့၊ ကံမကောင်းလို့သွားနှုတ်လိုက်ရရင်လည်း အချိန်မီပြန်အစားထိုးဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကျမ်းကိုး။ Zadik Y, Sandler V, Bechor R, Salehrabi R (August 2008). "Analysis of factors related to extraction of endodontically treated teeth". Oral Surg Oral Med Oral Pathol Oral Radiol Endod 106 (5)
Berns JM. Why replace missing back tooth. Quintessence Book.

7 comments:

Thazin said...

Thanks

Moe said...

ဆရာရှင့်
ကျွန်မကပြည်ပမှာနေနေတော့လောလောဆယ်
မြန်မာပြည်မပြန်သေးခင်ဘယ်လိုနေထိုင်ကာ
ကွယ်ရမလဲဆိုတာအကြံပေးပါအုံးဆရာ။ အခုအောက်သွားဖုံးတော့စရောင်နေပြီ၊ဆရာ။
နောက်တနှစ်လောက်နေရင်တော့ပြန်ဖြစ်မှာပါ။
ဆရာဆောင်းပါးမှာပါသလိုဆိုရင်အပေါသွားပါ
နုတ်ပြီးပြန်စိုက်ရမှာပေါ့နော်၊ ကုန်ကျစရိတ်ဘယ်
လောက်လောက်ရှိပါသလဲရှင်းပြပေးပါဆရာ။
ကျေးဇူးတင်ပါတယ်။

Dr. Nyan said...

ပြည်ပမှာနေတဲ့သူများအတွက်အကြံပေးချင်တာကတော့ တတ်နိုင်ရင်၊ ၀င်လို့လည်းရတယ်ဆိုရင်၊ အခြေခံကျန်းမာရေးအာမခံလောက်ကို အနည်းဆုံးဝင်ထားဖို့ပါ။ မ၀င်ခင်မှာ ကိုယ်ဘာရပိုင်ခွင့်တွေ သက်သာခွင့်တွေရှိတယ်ဆိုတာကြိုစုံစမ်းပါ။ ပြီးတော့ တနှစ် ၂ ကြိမ်လောက်သွားကျန်းမာရေးစစ်ဆေးမှုခံယူပါ။ သွားမြစ်တု၊ ကြွေသွားတု၊ သတ္တုအံကပ်စတာတွေကို ကျန်းမာရေးအာမခံက စိုက်ထုတ်ကျခံမပေးပေမယ့်၊ သွားတွေမယိုင်အောင်ကာကွယ်တဲ့အနေနဲ့ ပလတ်စတစ်အံကပ်အရှင်စိုက်မျိုးကိုတော့ အာမခံက ရာနှုံးတော်တော်များများကျခံလေ့ရှိပါတယ်။ ဂျပန်လိုနေရာမှာ၊ သတ္တုသွားစွပ်တာ၊ အံကပ်လုပ်တာတွေအတွက် ၃၀ ရာနှုန်းဘဲ ပေးသွင်းရတဲ့အတွက် မြန်မာနိုင်ငံမှာလုပ်တာနဲ့အတူတူလောက်ဘဲသွားကျပါတယ်။ အဲသလို အာမခံမရနိုင်ဘူးဆိုရင်တော့ အနီးအနားက ဆေးခန်းဖြစ်ဖြစ်၊ အင်တာနက်မှာဖြစ်ဖြစ်စုံစမ်းပြီး၊ သွားဖာတာတို့ ပလတ်စတစ်သွားအံကပ်လုပ်တာတို့ ဘယ်လောက်ကုန်ကျနိုင်လဲစုံစမ်းပြီး တတ်နိုင်ရင်လုပ်ထားသင့်ပါတယ်။ သွားတစ်ချောင်းကုရမှာချွေတာလိုက်လို့ နောင်တချိန်မှာ အပေါ်ကပို့စ်ထဲကလို ၅-၆ ချောင်းထိခိုက်မှ ပိုအကုန်ကျခံကုရမှာနဲ့ သဘာဝသွားဆုံးရှုံးရမှာနဲ့မကာမိပါဘူး။ မြန်မာနိုင်ငံမှာလည်း သွားကုသစရိတ်တွေသိပ်မသက်သာတော့ပါဘူး၊ ပလတ်စတစ်အံကပ်တစ်ချောင်းစာအတွက်၊ ဒေါ်လာ ၃၀လောက်အနည်းဆုံးကျပါတယ်။ နိုင်ငံခြားမှာ ၁၀၀ဒေါ်လာပေးရလည်း ခရီးစရိတ်နဲ့တွက်ရင် တန်တယ်လို့စဉ်းစားပြီး လုပ်သင့်ပါတယ်။ နောက်ဆုံးတော့နေ့စဉ်သွားကျန်းမာရေးဂရုစိုက်ပြီး၊ နောက်ထပ်သွားတွေပိုးမစားအောင်နေဖို့တိုက်တွန်းချင်ပါတယ်။

Moe said...

ကျေးဇူးတင်ပါတယ်ဆရာ။

Anonymous said...

ဆရာရေ.
ကျမအံသွား ၃ ချောင်းနုတ်၊
ပြီးသွားပြီ။(မကောင်းတော့လို့ )
ညာဖက်အပေါ်ကအထဲမှာလို့ ပြောတယ်။
အဲဒါဒီအတိုင်းထားလို့ ရလား။
သွားစိုက်စရာလိုပါသလား။
မီးမီး

Anonymous said...

ဆရာ့ရဲ့ ဘလော့ကို သမီးလေးမွေးကတည်းက ဖတ်လာတာ အခုအချိန်ထိလဲ သိချင်တာရှိရင် လာလာရှာနေရရုံမကဘူး အသိတွေကို ပြောပြပေးနေရလို့ ဘလော့လေးကို မပိတ်ပစ်တာ အရမ်းကျေးဇူးတင်ပါတယ်။

Anonymous said...

ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

*မင်းရဲ့ချစ်သူကို ပြန်ရဖို့။
* ပြန်လည်ညှိနှိုင်းရန်
*ကိုယ်ဝန်ဆောင်ရန်
*ကင်ဆာကို ကုသရန်
*လက်စားချေရန်
*စီးပွားရေးကိုမြှင့်တင်ရန်
* သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
*HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
Whatsapp- +2349046229159