
ယေဘူယျအားဖြင့် လူတွေမှာ အပေါ်-အောက်မေးရိုး၊ ဘယ်ညာမှာ ကြီးသွားအံသွားသုံးချောင်းစီပေါက်လေ့ရှိပါတယ်။ (တချို့လည်းအံဆုံးမပေါက်ကြပါဘူး) အဲဒီထဲကမှ ရှေ့သွားကနေရေရင်နံပါတ် (၆) ဖြစ်တဲ့ပထမအံသွားတွေဟာ အသက် (၆)နှစ်ကတည်းက စပေါက်တာကတစ်ကြောင်း၊ ပေါက်ခါစသွားရဲ့ဝါးတဲ့မျက်နှာပြင်မှာ ချိုင့်တွေ လိုင်းကြောင်းတွေပါတာကတစ်ကြောင်း၊ ညစဉ်သွားတိုက်ဖို့အမြဲဖိအားပေးလမ်းညွှန်ရမှန်းမိဘတော်တော်များများက သတိမထားမိတာတစ်ကြောင်းတို့ကြောင့် ငယ်ငယ်ရွယ်ရွယ်မှာတင် အများဆုံးပိုးစားဆွေးမြေ့ပြီး၊ အများဆုံးနှုတ်ခံရတဲ့သွားဖြစ်ပါတယ် (Zardik, 2008)။ တကယ်တော့ ဒီအံသွားတစ်ချောင်းစပြီးအနှုတ်ခံရတာကနေ ဇာတ်လမ်းကမရှည်သင့်ဘဲရှည်သွားရတဲ့သူတွေအများကြီးရှိပါလိမ့်မယ်။ အချိန်မီပြန်အစားမထိုးခဲ့ရင်ပေါ့။
သွားတွေအားလုံးစုံစုံလင်လင်ရှိနေတဲ့အချိန်မှာ အပေါ်သွားတွေနဲ့အောက်သွားတွေဖိကြိတ်ပြီးအစာဝါးကြပါတယ်။
အောက်ပထမအံသွားတစ်ချောင်းပိုးစားလို့ဖြစ်ဖြစ်၊ ခဲလုံးဝါးမိလို့ထက်ခြမ်းကွဲပြီးဖြစ်ဖြစ်နှုတ်လိုက်ရပြီး၊ ပြန်အစားမထိုးခဲ့ရင် အောက်ကပုံထဲကအတိုင်း အပေါ်ပထမအံက ၀ါးတဲ့နေရာမှာမထိတော့တဲ့အတွက် အသုံးမရှိတော့ပါဘူး။ ဒါကြောင့်သွားတစ်ချောင်းဆုံးရှုံးရင် သွားနှစ်ချောင်းစာရဲ့လုပ်ငန်းဆောင်တာဆုံးရှုံးတာနဲ့အတူတူပါဘဲ။
ဒါနဲ့တင်ဇာတ်လမ်းကရပ်မနေပါဘူး။ တန်ပြန်ထိစရာသွားမရှိတော့တဲ့အတွက် အပေါ်ပထမအံသွားက တဖြည်းဖြည်းရှည်ကျလာပါတယ်။ အဲသလိုရှည်လာတဲ့အတွက် ဘေးသွားနဲ့အတိအကျထိနေခဲ့တဲ့ထိချက်က ပျောက်သွားပါတယ်။ သွားတွေက ခါးလည်မှာသိမ်နေလို့ပါဘဲ။ ဘေးတဖက်တချက်စီမှာ နေရာလွတ်တွေပေါ်လာပြီး စားတိုင်းမှာအစာတွေညပ်စပြုလာပါတော့တယ်။
သွားဖုံးအောက်မှာလုံလုံခြုံခြုံရှိနေခဲ့တဲ့ သွားမြစ်ပိုင်းကလည်း တဖြည်းဖြည်းပေါ်လာပါတော့တယ်။ သဘာဝသွားရဲ့ခေါင်းပိုင်းမှာ မာကျောလှတဲ့ကြွေလွှာနဲ့ဖုံးအုပ်ထားလို့ ပိုးစားဖို့သိပ်မလွယ်ပေမယ့် သွားမြစ်ပိုင်းမှာတော့ကြွေလွှာမရှိလို့ ပိုးစားဖို့ပိုလွယ်ပါတယ်။ 
အောက်သွားမှာလည်းပြောင်းလဲမှုတွေဖြစ်လာပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ဒုတိယအံသွားက ရှေ့ကိုယိုင်ဆင်းလာပါတယ်။ အစာတွေက စောင်းနေတဲ့သွားမှာစုပုံလာပြီး သွားဖုံးစရောင်လာလို့ သွားဖုံးအိတ်စဖြစ်လာပါတယ်။ အိတ်ထဲမှာအစာတွေပိုးမွှားတွေစုစုလာပါတော့တယ်။ 

သွားဖုံးကနေ သွားဖုံးရိုးအထိပါ ရောင်ရမ်းတာပြန့်လာပြီး သွားဖုံးရိုးစားလာ-နိမ့်ကျလာပါတယ်။ သွားခိုင်ခန့်မှုနည်းလာပြီး လှုပ်လာနဲ့လာပါတော့တယ်။
အပေါ်သွားတွေမှာလည်း သွားပိုးစားရောဂါ သွားဖုံးနဲ့သွားမြစ်ဝန်းရောင်ရမ်းရောဂါတွေဖြစ်လာပါတယ်။
ဒီလိုနဲ့မကုဘဲထားရင် သွားမြစ်ထိပ်ပြည်တည်နာတွေ ရောင်ရမ်းနာတွေဆက်ဖြစ်ပါတော့တယ်။
နောက်မှာတော့ ဒီအံသွားတွေအားလုံးဆုံးရှုံးရတဲ့အဖြစ်ကိုရောက်ရတော့တာပါဘဲ။
ဒီလိုအဆိုးဇာတ်လမ်းတွေမရှည်ရစေဖို့ အတွက် သွားနဲ့ခံတွင်းသန့်ရှင်းရေးနဲ့ သွားတွေကိုအနှုတ်မခံရအောင်ထိန်းသိမ်းဖို့၊ တနှစ်တကြိမ်အနည်းဆုံးစစ်ဆေးပြီးသွားပိုးစားရောဂါဖြစ်နေရင်စောလျင်စွာနဲ့အချိန်မီကုသဖို့၊ ကံမကောင်းလို့သွားနှုတ်လိုက်ရရင်လည်း အချိန်မီပြန်အစားထိုးဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကျမ်းကိုး။ Zadik Y, Sandler V, Bechor R, Salehrabi R (August 2008). "Analysis of factors related to extraction of endodontically treated teeth". Oral Surg Oral Med Oral Pathol Oral Radiol Endod 106 (5)
Berns JM. Why replace missing back tooth. Quintessence Book.
၂၀.၂.၂၀၁၂ ရက်နေ့ဆွမ်းလောင်းလှူခြင်း
2 hours ago

