
Bruxism လို့ခေါ်တဲ့အံကြိတ်ခြင်းဟာ လူတော်တော်များများခံစားရလေ့ရှိတဲ့ သွားဘက်ဆိုင်ရာပြဿနာတခုဖြစ်ပါတယ်။ ကိုယ်တိုင်အံကြိတ်မိနေမှန်းမသိတဲ့သူကပိုများပါလိမ့်မယ်။ အပေါ်သွားတွေနဲ့အောက်သွားတွေကို သိလျှက်နဲ့ဖြစ်စေ၊ ကိုယ်တိုင်သတိမထားမိဘဲဖြစ်စေ၊ အားနဲ့ကြိတ်နေမိပြီဆိုရင် Bruxism ဖြစ်နေပြီလို့ပြောလို့ရပါတယ်။ နေ့ဖက်ရောညအိပ်ပျော်နေချိန်မှာပါဖြစ်နိုင်ပါတယ်။ အထူးသဖြင့်ညအိပ်မောကျနေချိန်မှာပိုကြိတ်လေ့ရှိပါတယ်။ ပိုပြီးတော့လည်းအားနဲ့ကြိတ်တတ်ပါတယ်။ ပုံမှန်အစာဝါးတဲ့အခါ ပေါင် ၅၀ကနေ၁၀၀ကြာလောက်ဘဲအားစိုက်ဝါးလေ့ရှိပေမယ့်၊ မသိစိတ်နဲ့မေးရိုးကြွက်သားတွေက အားနဲ့ကြိတ်နေတဲ့အချိန်မျိုးမှာ ပေါင် ၃၀၀ကျော်ထိရှိနေနိုင်ပါတယ်။ သွားချင်းကြိတ်သံတကျွိကျွိကြားရပါလိမ့်မယ်။
လက္ခဏာများ
၁-သွားချင်းကြိတ်သံ၊ (ဘေးလူလန့်နိုးပြီးအိပ်မရတဲ့အထိဖြစ်နိုင်)
၂-သွားကြွေလွှာပြုန်းတီးပါးလွှာလာခြင်း၊ အံသွားမျက်နှာပြင်ပြားလာခြင်း၊ အချိန်ကြာလာသည်နှင့်အမျှသွားများတိုလာခြင်း

၃-ကြွေလွှာပြုန်းတီးခြင်းကြောင့် အတွင်းလွှာပေါ်လာပြီး သွားကျင်လာခြင်း
၎-ကြိတ်အားပြင်းထန်လွန်းလျှင်သွားကွဲအက်ခြင်း
၅-သွားဖုံးအစပ်ရှိသွားခြေတွင် V ပုံစံချိုင့်ခွက်ပေါ်လာခြင်း

၆-မေးရိုးကြွက်သားများတင်းပြီးနာကျင်ခြင်း
၇-မျက်နှာနှင့်နားကိုက်ခြင်း၊ ပါးကြောများ၊ နားထင်များကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း (ခေါင်းသားတွေတင်းပြီးကိုက်တဲ့ tension headache လိုကိုက်တတ်ပါတယ်)
၈-ပါးစောင်တွင်းသားတွင်အံသွားကိုက်ရာများပေါ်လာခြင်း၊ (လျှာမှာလည်းကိုက်မိပြီးသွားရာတွေပေါ်လာနိုင်ပါတယ်)
၉-နှစ်ကြာလာလျှင် မေးရိုးဆစ်ရောဂါဖြစ်ပြီး မေးရိုးဆစ်ကိုက်ခြင်း၊ ပါးကိုက်ခြင်း၊ ပါးစပ်ကောင်းကောင်းမဟနိုင်ခြင်းစသည့် မေးရိုးဆစ်ရောဂါလက္ခဏာများခံစားရခြင်း
၁၀-စိုက်သွားတုများမကြာခဏပွန်း-ပေါက်-ပျက်စီးခြင်း
၁၁-သွားအချင်းချင်းမကြာခဏကြိတ်နေရကာ၊ သွေးသလိုဖြစ်ပြီး သွားစောင်းများချွန်လာပြီး လျှာနှင့်မကြာခဏပွတ်မိသဖြင့် လျှာစောင်းများနာကျင်ခြင်း၊ အနာဖြစ်ခြင်း
၁၂-သွားဖုံးရောင်နဲ့သွားမြစ်ဝန်းရောဂါရှိသူများအံပါကြိတ်တတ်ရင်၊ သွားမြစ်ပတ်အမြှေးမှာဝန်ပိပြီး ရောဂါပိုဆိုးစေပါတယ်။ သွားတွေအလွယ်တကူယိုင်နဲ့စေပါတယ်။
ဘာကြောင့်ဖြစ်ရသလဲ
၁-စိတ်တင်းကျပ်ဖိစီးမှု (stress and anxiety)
၂-ဒေါသဖြစ်ခြင်း၊ စိတ်အလိုမကျခြင်း
၃-ပင်ကိုယ်စိတ်လှုပ်ရှားတက်ကြွလွယ်၊ အပြိုင်အဆိုင်စိတ်ပြင်းထန်သည့်ကိုယ်ရည်ကိုယ်သွေး (personality) ရှိသူ
၎-အပေါ်အောက်သွားများမညီမညာဖြစ်ခြင်း
၅-ပါကင်ဆန်စသည့်အာရုံကြောရောဂါရှိခြင်း
၆-ကလေးများသွားပေါက်ခါစချိန်နှင့် မေးရိုးများဖွံ့ဖြိုးကြီးထွားနေချိန်များမှာ သွားကြိတ်လေ့ရှိတာ ပုံမှန်ဖြစ်ပါတယ်။ သွားများစုံလာချိန်မှာအလိုလိုပျောက်သွားပါတယ်။
ကုသမှု
ဖြစ်ရတဲ့အကြောင်းရင်းကိုတွေ့အောင်ရှာရပါတယ်။ အဲဒီအပေါ်မူတည်ပြီး...
၁-စိတ်ဖိစီးမှုကိုကုသခြင်းstress releasing threapies -ပေါ့ပါးသည့်အားကစားလုပ်စေခြင်း၊ တရားထိုင်ခြင်း၊ စိတ်ငြိမ်ဆေးပေးခြင်း
၂-သွားမညီခြင်းကို သွားညှိကုသခြင်း (braces or orthodontic treatment)
၃-ညအချိန်သွားချင်းကြိတ်ခြင်းမှသက်သာစေရန် သွားဝါးတဲ့မျက်နှာပြင်တွေကိုအုပ်ပေးတဲ့ mouth guard တပ်ဆင်အိပ်စက်စေခြင်း

၎-မေးရိုးကြွက်သားများဖြေလျော့စေရန်ဆေးပေးခြင်း (muscle relaxants)၊ မိမိစိတ်ဖြင့်မေးရိုးကြွက်သားများလှုပ်ရှားမှုကိုထိန်းချုပ်ဖြေလျှော့နိုင်လာအောင် ကြွက်သားများအတင်းအလျော့ကိုအာရုံခံနိုင်သည့်စက်သုံးပြီးလေ့ကျင့်ပေးခြင်း (biofeed back)
နှစ်နဲ့ချီပြီးအံကြိတ်နေရင် မေးရိုးဆစ်ရောဂါ၊ သွားပြုန်းတီးခြင်းနဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရပြီး၊ သွားတွေသိပ်တိုလာရင်ကုသရခက်ခဲတာမို့ သိတာနဲ့ဆရာဝန်ပြဖို့လိုပါတယ်။
4 comments:
ကျနော်လဲ ငယ်တုန်းက ကြိတ်သလားမမေးနဲ့ တကွီကွီနဲ့ ခုတော့ မကြိတ်ဖြစ်တော့ပါဘူး ( အိပ်နေလို့ မသိတာလား မသိဘူး အဟီး) မှတ်သွားတယ် ဦးဥာဏ်
လေးစားလျက်
တောင်ပေါ်သား
ကျမတို့ ငယ်ငယ်က မင်းလှက ဘကြီးတဦး ရန်ကုန်ကိုဘုရားဖူး
လာဘူးတယ်..ညရောက်တော့သူကအစောကြီးဝင်အိပ်ရော၊ ကျမတို့ရန်ကုန်ကလူတွေက ည၉နာရီဆိုတာ စာဖတ်ကောင်းတုန်း၊ စကားပြောကောင်းတုန်းကိုး၊
ခဏကြာတော့ အသံကျယ်ကျယ်တခု ကြားရတယ်၊ ကျမရယ်အမေရယ်၊ ဒေါ်လေးရယ် ၃ယောက်သား
အိမ်ရှေ့ ပြတင်းပေါက်က ချောင်းလိုက်၊ အိမ်နောက်ဖေးပြတင်းပေါက်က ချောင်းလိုက်နဲ့ လမ်းပြင်ဖို့ ကျောက်ခဲတွေ ညကြီးမင်းကြီးများ လာချလေသလားပေါ့။
ဘယ်မှမတွေ့တော့ ၃ယောက်သား ၀ရံတာထွက်ပြီး သေသေချာချာ ကြည့်ကြမယ်လုပ်တော့မှ တရားခံတွေ့တော့တယ်။ ဘကြီးပေါ့၊ အိပ်စရာနေရာ
မချောင်လို့ ၀ရံတာထွက်အိပ်ပြီး သွားကြိတ်နေတာ။ အမေဖြင့် ပြောမဆုံးဘူး။ အသက်၅၀ကျော်ပြီ ဒီလောက်
အသံကျယ်ကျယ် သွားကြိတ်တာ တခါမှ မမြင်ဘူးလို့လေ။ အံ့ရော ဆရာရေ။ လမ်းပြင်တဲ့ ဂ၀ံကျောက်တွေ ကားပေါ်က ချတဲ့ အသံလို့ ၃ယောက်လုံး
ထင်စရာ ဖြစ်ခဲ့တာ ဆိုတော့
ဆရာစဉ်းစားသာ ကြည့်ပါတော့။ တသက်တာမမေ့နိုင်စရာ သူများပြောရင်ယုံနိုင်စရာ မရှိတဲ့ အဖြစ်မို့ ကြုံတုန်း
ပြောပြတာပါ။
ဟုတ်မယ်မမိုးရေ..သွားကြိတ်တာအားတော်တော်လေးပြင်းနိုင်ပါတယ်။
ပြောရင်ယုံချင်မှယုံမယ်။ ကျွန်တော်လည်းသွားကြိတ်တတ်ပါတယ်။ ဟဲဟဲ။
အံကလေးသွားနှစ်ချောင်းကနေရာစောင်းပြီး အပေါ်နဲ့အောက် အံကျကိုက်မိရမယ့်အစား၊ အချွန်ချင်းအချွန်တဲ့ထိနေလို့ပါ။ အဲဒီမညီတဲ့အချွန်နှစ်ခုကိုညီအောင် ကိုယ်ခန္ဓာကကြွက်သားနဲ့အာရုံကြောတွေက အိပ်ပျော်နေချိန်မှာ ညှိဖို့ကြိုးစားကြတာပါဘဲ။ တခါတလေနိုးတ၀က်ဖြစ်ပြီးသိစိတ်က ကြိတ်နေတဲ့မေးရိုးကြွက်သားတွေကိုဖြေလျှော့ချင်ပေမယ့်၊ တော်တော်နဲ့မလျော့သွားပါဘူး။ အတင်းကိုဖိဆွဲထားတာခံရပါတယ်။ တော်တော်လေးခံရခက်ပါတယ်။
ဆရာရေ..ကြံရာမရလို့ တခုမေးပါရစေ
ကျမ နံပါတ်၁၃၊၁၄၊၁၅ ဘယ်ကမှန်းမသိပဲနာနေတာ သြဂတ်လ လယ်လောက်တည်းက..သွားဆရာဝန်က ၁၃မှာ ဖာထားတာလေးပဲ့နေလို့ အဲဒီကထင်ပီးအဲဒါပြန်ဖာလိုက်ပေမယ့် ကျမကတော့ တဖြေးဖြေးပိုဆိုးလာတာနားထင်တွေကိုက်လို့ နားကိုက်လိုက်နဲ့ အခုဘယ်ဖက်မျက်စိကပါတမျိုးဖြစ်လာနေတယ်။ လွန်ခဲ့တဲ့ သုံးပတ်ကတော့ ၁၅ ဘေးမှာ ပြည်ဖုကြီးထွက်လာပီးအရမ်းနာသလို သွားတွေကကျင်လာတော့ ဆရာဝန်က ပြည်ဖုကိုဖောက်ထုတ်ပေးလိုက်ပေမယ့် သူက perio ထင်လို့ အထူးကုပြခိုင်းတာရက်ချိန်းက နောက်အပတ်မှရမယ်။ ဓါတ်မှန်ထဲမှာ ၁၅ပေါ်လောက်မှာအမဲရောင်အရိပ်တွေ့တာစပြထဲကကို sinus မှတ်ပီးဆေးစားခိုင်းလို့ဆေးလဲစားပီးပီ။ အမဲ၇ိပ်ကပိုကြီးလာတယ်။ နာပုံက ပြည်ကိုက်သလို တချက်တချက်တစစ်စစ်နဲ့ပေမယ့်အမြဲတန်းလဲမကိုက်..ကိုက်ချက်ရင်မအိပ်နိုင်အောင်ပဲ။ သြဂတ်ကအခုထိ ဆရာဝန်ကဘာမှန်းမသိတာနဲ့ ကြာနေတာကျမလဲခံရတာအီနေပီ ဆရာ။ မျက်စိကပါတမျိုးဖြစ်လာတော့ ကျမအတော်လန့်နေတာ...ဘာလုပ်သင့်လဲအကြံပေးပါဦးဆရာ..ကျမမေးလ်က malcolmandwai@gmail.com ပါ။ ကျေးဇူးပါဆရာ
ဝေဝေ
Post a Comment