Sunday, November 9, 2008

သွားဖုံးရောဂါသတိပြုစရာ

image from http://d.yimg.com/origin1.lifestyles.yahoo.com/ls/he/topic/aging/

အသက်ကြီးလာရင်ဆံပင်တွေဖြူလာသလို၊ သွားတွေယိုင်နဲ့ပြီးကျိုးကြရတာဟာ မတားဆီးနိုင်တဲ့ သဘာဝဖြစ်ရပ်လို့ တော်တော်များများကခံယူထားကြပါတယ်။ ဆံပင်ကိစ္စကိုတော့မလေ့လာဖူးလို့မပြောနိုင်ပေမယ့်၊ သွားကျိုးတဲ့ကိစ္စကိုတော့ပြောချင်ပါတယ်။ သွားဖုံးရောဂါဆိုတာမရှိရင်အသက်ဘယ်လောက်ကြီးအိုလာလာ၊ သွားတွေယိုင်နဲ့ပြီးမကျိုးနိုင်ပါဘူး။

သွားတွေပျက်စီးဆုံးရှုံးရတဲ့အဓိကရောဂါကနှစ်မျိုးဘဲရှိပါတယ်။ သွားပိုးစားရောဂါနဲ့သွားဖုံးရောဂါဖြစ်ပါတယ်။ ဒီနေ့တော့လူများစုသတိမပြုမိကြတဲ့ သွားဖုံးရောဂါအကြောင်းရေးချင်ပါတယ်။


ပုံမှာတွေ့ကြတဲ့အတိုင်း သွားကို၊ သွားဖုံးရိုးထဲမှာမြဲနေအောင် သွားမြစ်ပတ်မြှေးက သွားမြစ်နဲ့အရိုးကြားမှာဆက်ပေးထားပါတယ်။ သွားဖုံးရိုးကိုတော့ သွားဖုံးသားကအုပ်ထားပြီး သွားရဲ့မျက်နှာပြင်အထိလာထိစပ်ထားပါတယ်။

သွားမျက်နှာပြင်မှာ ဘက်တီးရီးယားပိုးမွှားလွှာ (dental plaque/biofilm) လာကပ်ပြီး၊ သွားသေချာမတိုက်လို့ကျန်နေတဲ့ အစာဟောင်းတွေချက်လုပ်ပွားများပြီး၊ တချို့ပိုးတွေက အက်စစ်ထုတ်လို့ သွားပိုးစားရပါတယ်။ တချို့ပိုးတွေက အဆိပ်ဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေ ထုတ်လွှတ်ပါတယ်။ ဒီဓာတ်တွေကြောင့် သွားဖုံးထဲကဓာတ်တုံ့ပြန်မှုတွေ immune reactions ဖြစ်ပြီး သွားဖုံးစရောင်လာရပါတယ်။ ဒီအဆင့်မှာ နာကျဉ်မှုလုံးဝမရှိလို့ အများစုသတိမပြုမိကြပါဘူး။ လက္ခဏာတွေကတော့၊
-သွားနဲ့ထိစပ်နေတဲ့အပိုင်းကသွားဖုံးသားအနီရောင်သန်းလာပြီး ဖောင်းကြွလာခြင်း
-သွားတိုက်ချိန်၊ သစ်သီးဝလံ (ပန်းသီးစတာ) ကိုက်ချိန်၊ တခါတလေ အလိုလို၊ သွားဖုံးကနေ သွေးထွက်ခြင်း
-ခံတွင်းနံ့ဆိုးလာခြင်း တို့ဖြစ်ပါတယ်။
ဒီအဆင့်ကိုသွားဖုံးသားရောင်ရောဂါ (gingivitis) လို့ခေါ်ပါတယ်။ ဒီအဆင့်မှာကုသမှုလုပ်ရင် အလွယ်တကူပျောက်ကင်းပါတယ်။ သွားပေါ်က ပိုးမွှားလွှာကိုဖယ်ရှားပေးတာ၊ သွားမျက်နှာပြင်ကိုချောမွေ့အောင် polishing လုပ်ပေးတာစတာတွေလုပ်တာနဲ့နဂိုပုံမှန်အတိုင်းပြန်ပြီး ကျန်းမာတဲ့သွားဖုံးသားပြန်ဖြစ်နိုင်ပါတယ်။

ဒီလိုသွားဖုံးရောင်တာ၊ သွားဖုံးသားကသွေးထွက်တာကို ဗီတာမင်စီဓာတ်ချို့တဲ့တဲ့အခါဖြစ်တဲ့ scurvy ရောဂါမှာလည်းတွေ့နိုင်လို့၊ တချို့က ဗီတာမင်စီချို့တဲ့တာနေမှာပါဆိုပြီး၊ စီဗစ်ဝယ်သောက်တာ၊ သံပုရာရည်သောက်တာစသဖြင့် ကုစားတတ်ကြပါတယ်။ ပိုးမွားလွှာ dental plaque ကိုမဖယ်ရှားနိုင်သရွေ့မပျောက်နိုင်ပါဘူး။

ကျွန်တော်တို့ဆီမှာက ပုံမှန်သွားစစ်ဆေးမှုလုပ်လေ့မရှိတာ၊ မခံနိုင်အောင်နာမှ ဆေးခန်းပြေးလေ့ရှိတာ စတဲ့အားနည်းချက်တွေကြောင့်၊ သွားဖုံးသားရောင်ရောဂါအဆင့်ကနေ ကုသတဲ့ဆီမရောက်ဘဲ ပိုဆိုးတဲ့အဆင့်တွေတဖြည်းဖြည်းဆက်ဖြစ်လေ့ရှိပါတယ်။ ပိုးမွှားလွှာကနေသွားကျောက် (dental calculus/ stone) တည်သွားပါတယ်။ ဒီကျောက်တွေက သွားဖုံးအစပ်သွားမျက်နှာပြင်ပေါ်ကနေ၊ တဖြည်းဖြည်း သွားဖုံးအောက်အထိ ဆက်တည်ပါတယ်။ သွားကျောက်တွေကြောင့်၊ ပိုးမွှားတွေအောင်းစရာနေရာပိုရသွားပြီး၊ အဆိပ်ဓာတ်တွေပိုထုတ်တာကြောင့်၊ အပေါ်ယံသွားဖုံးသားရောင်တာကနေ၊ သွားမြစ်ပတ်မြှေးကိုဖျက်ဆီးပြီး၊ အတွင်းပိုင်းသွားဖုံးရိုးအထိ ပျံ့လာပါတော့တယ်။ ဒီအဆင့်ရောက်ရင် သွားမြစ်ဝန်းရောင်ရောဂါ (periodontitis) လို့ခေါ်ပါတယ်။ အရပ်အခေါ်ကတော့ ရေစီးကမ်းပြိုရောဂါပေါ့။ ရောဂါလက္ခဏာတွေကတော့
-အစပိုင်းအဆင့်ဆိုရင် သွားဖုံးသားနိမ့်ကျလာပြီး၊ သွားကြားအစာပိုညပ်လွယ်လာတာ၊ ခံတွင်းနံ့ပိုဆိုးလာတာ
-တခါတလေသွားဖုံးက ပြည်နဲ့သွေးပုတ်ထွက်တာ၊ သွားဖုံးနဲ့သွားတွေနာလာတာ (ပိုးစားလို့သွားကိုက်တာနဲ့မတူပါ)
-ပိုဆိုးလာရင်သွားနဲ့ပြီးလှုပ်လာတာ (သွားမြစ်ပတ်မြှေးစားသွားပြီး၊ သွားဖုံးရိုးနိမ့်ကျသွားလို့)
-သွားတွေနှုတ်ပစ်လိုက်ရတာ၊ အလိုလိုကျွတ်ထွက်တာ

ဒီအဆင့်ရောက်ဖို့နှစ်နဲ့ချီပြီးကြာပါတယ်။ ဒါကြောင့်အသက်ကြီးသူတွေမှာသွားတွေနဲ့လာတာဖြစ်ပါတယ်။ ဒီအဆင့်ရောက်ရင်ကုသဖို့ခက်ခဲလာပါတယ်။ သွားဖုံးရိုးပြန်တက်ဖို့၊ သွားနဂိုအတိုင်းပြန်ခိုင်ဖို့မလွယ်တော့ပါဘူး။ သွားဖုံးရိုးပြန်တက်နိုင်အောင်ကုသနိုင်တဲ့နည်းလမ်းတွေရှာနေဆဲဖြစ်ပါတယ်။ (ကျွန်တော်လက်ရှိလုပ်နေတဲ့သုတေသနက ပျက်စီးသွားတဲ့အရိုးသားကို ပြန်ပြီးတည်ဆောက်တာ-bone regeneration and tissue engineering နဲ့ဆိုင်ပါတယ်)

ဒီရောဂါဖြစ်ဖို့အခွင့်အလမ်းများတဲ့သူတွေကတော့..
-ဆေးလိပ်သောက်သူ၊ ကွမ်းစားသူ
-ဆီးချိုရောဂါရှိသူ
-သွေးကျဆေးအချို့ (calcium channel blockers) သောက်နေရသူတွေ
-ကင်ဆာကုဆေး၊ စတီးရွိုက်နဲ့ ၀က်ရူးပြန်ကုဆေးသောက်နေရသူတွေ
-ပဋိသန္ဓေတားဆေးသောက်နေရသူတွေ
-ကိုယ်ဝန်ဆောင်တွေ
-fitting မကျတော့တဲ့စိုက်သွားနဲ့သွားဖာထားတာတွေရှိသူတွေ
တို့ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ကြိုတင်ကာကွယ်ခြင်း (သွားမှန်မှန်တိုက်ခြင်း)၊ ရောဂါဖြစ်စမှာကုသခြင်း၊ နှစ်စဉ်သွားကျန်းမာရေးစစ်ဆေးခြင်းတို့ဖြစ်ပါတယ်။
အားလုံးကျန်းမာကြပါစေ။

5 comments:

Meengelay said...

အရင်ကတော့ သွားကျောက်မကြာခဏ ခြစ်ဖူးပါတယ်။
သွားမှာ ကျောက်တွေရှိလာရင် သွားဖုံးရောဂါ ဖြစ်နိုင်ခြေ များလာတာပေါ့နော်။

Dr. Nyan said...

ဟုတ်ပါတယ်မမီးငယ်လေးရေ။

NYT2 said...

ဒီpost လေးကို အရမ်းကျေးဇူးတင်ပါတယ်. တခုလောက်မေးပါရစေ.
ကျနော် အရင်က သွားတိုက်ရင် သွေးနည်းနည်း ထွက်လေ့ရှိပါတယ်. သွားကလုံးဝမနာတော့ ပြသနာမရှိလောက်ဘူးထင်ပြီး ပေါ့ပေါ့နေခဲ့မိတယ်
အခုတော့ အံသွားတွေက နာနာလာပြီ။
ကျနော်က အခုတိုကျိုမှာပါပဲ
အခုဆေးခန်းပြချင်ပေမယ့် ပြသနာကဒီလိုပါ
Master နဲ့ ကျောင်းပြီးပြီတော့ အလုပ်ရှာနေတော့ short term stay visa ဖြစ်သွားပြီး kenko hoken မရှိတော့ဘူးဖြစ်နေတယ်.
အဲဒါဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံပေးပါဦးခင်ဗျာ
သိတဲ့အတိုင်း ပဲ ဒီမှာက hoken မရှိရင် ဆေးခန်းသွားရင် မလွယ်ဘူး။ အလုပ်visa ရရင်တော့ hoken ပြန်ရမှာပါ။ ဆေးခန်းမပြနိုင်ခင် ခင်စပ်ကြား ကိုယ့်ဟာကို သွားကို ပိုမဆိုးသွားအောင်ဘာလုပ်ထားရင်ကောင်းမလဲ

Dr. Nyan said...

အေးဗျာ..ကြည့်ပေးလို့ရရင်ကြည့်ပေးချင်လိုက်တာ။
ဒီမှာက ဆေးရုံလာပြဆိုလည်းHoken မရှိရင် အပြင်ဆေးခန်းနဲ့ကုန်တာအတူတူဘဲမို့တတ်နိုင်သ
လောက်အကြံပေးပါရစေ။ မနက်ညပုံမှန်သွားတိုက်တာအပြင်၊ အစာစားပြီးတိုင်း
သွားကြားညပ်တဲ့နေရာကို သွားကြားထိုးကြိုးနဲ့ရှင်းလင်း
ပေးကြည့်ပါ။ ယန်း၁၀၀ဆိုင်မှာလက်ကိုင်ပါပြီးသားကြိုး
လေးတွေအချောင်း၅၀ပါတစ်ဗူးမှ၁၀၀ဘဲပေးရပါတယ်။
ကျွန်တော်မှန်းကြည့်ရတာတော့၊ သွားဖုံးရောင်ရာကနေ
ကြာလာတော့ သွေးထွက်တဲ့အဆင့်ကနေ၊ သွားဖုံးရဲ့
အစာဝါးခံနိုင်မှုလျော့တဲ့အဆင့်ရောက်လာပြီး၊ အံသွားတွေမှာသွားကြား
ညပ်နေတယ်လို့ထင်ပါတယ်။ (သွားကြဲလို့မဟုတ်ဘဲသွားဖုံးကအစာကိုခံနိုင်အားလျော့လာရင်သွားကြားညပ်ပါတယ်)
ညှပ်နေတာကိုမဖယ်ပေး
ရင်သွားဖုံးပိုရောင်ပြီး၊ အဟောင်းတွေကအတွင်းထဲပိုပို
ဝင်သွားပြီး သွားနာလာတယ်လို့ထင်ပါတယ်။
ဒါကြောင့်မဖြစ်မနေသွားကြားထိုးကြိုးကိုသုံးပြီးသွားနှစ်
ချောင်းကြားတွေကိုသန့်ရှင်းရေးလုပ်ပေးပါ။သွားနှစ်
ချောင်းကြားကို သွားကြားထိုးကြိုးကိုဖြည်းဖြည်းချင်းရှေ့တိုး
နောက်ငင်ထည့်သွင်းပေးပြီး၊ သွားနှစ်ချောင်းကြားအောက်ခြေသွားဖုံးရောက်တဲ့အခါ၊ သွားဖုံးအစပ်သွားအခြေကနေ၊ သွားနံရံကို ကြိုးနဲ့ဖိပြီး
ဆွဲရင်း ကြိုးကို ပြန်ဆွဲတင်ပေးပါ။ ညပ်နေတဲ့အသား၊ အမျှင်ပါတဲ့
အသီးအရွက်စတာတွေထွက်လာပါလိမ့်မယ်။
နောက်တကြိမ်ထပ်ထည့်ပြီးနောက်ဘေးကပ်ရက်သွား
ကိုလည်းအလားတူသန့်ရှင်းပေးပါ။ ညပ်နေတဲ့အစာပြောင်သွားပြီဆိုရင်တော့ သွားနှစ်ချောင်းကြားမှာကြိုးကိုပြန်ထည့်ပြီး၊ သွားတွေရဲ့အပေါ်အောက်အပေါ်အောက်ရွေ့ရှားရင်း
ကြိုးနဲ့ပွတ်တိုက်သန့်စင်ပေးပါ။ အစပိုင်းမှာသွေးထွက်ချင်ထွက်နိုင်ပါတယ်။ မကြောက်ဘဲစားပြီးတိုင်းသန့်ရှင်းပေးပါခင်ဗျား။

NYT said...

ဟုတ်ကဲ့ ကျေးဇူးပါပဲဆရာ
သွားကတခါတခါတော့ တော်တော်ကိုက်လာတတ်တယ်။ နဲနဲကြာတော့ သက်သာသွားပြန်ရော။
ကျနော် ဆရာပြောသလို သွားကြားထိုးကြိုး စမ်းကြည့်ပါဦးမယ်။
အခုသွားတိုက်တာလဲ ဆရာblog ထဲက အကြံပေးထားလို ၄၅ဒီဂရီစက်ဝိုင်းပုံနဲ့ တိုက်ပေးနေပါတယ်။