Thursday, September 3, 2009

Singapore trip day 3





ဒီညီလာခံကို စာတမ်းစတင်တဲ့ချိန်မှာ ပိုစတာပြိုင်ဖို့မရည်ရွယ်ခဲ့တဲ့အတွက်ရယ်၊ လူတွေအများကြီးရှေ့မှာတိုက်ရိုက် presentation လုပ်ချင်ခဲ့တာကြောင့် နှုတ်နဲ့ရှင်းလင်းတင်ပြတဲ့ oral presentation လုပ်မယ်ဆိုပြီး စာတမ်းအနှစ်ချုပ်-abstract ကို လွန်ခဲ့တဲ့ ၅လလောက်က တင်ခဲ့ပါတယ်။ တင်ပြီး ၁လလောက်မှာ၊ စာတမ်းဖတ်ကြားဖို့ရွေးချယ်ထားပြီဖြစ်တဲ့အကြောင်း အကြောင်းကြားလာပါတယ်။ တဆက်တည်း၊ abstract က၊ စိတ်ဝင်စားစရာကောင်းနေတဲ့အတွက် ပိုစတာအဖြစ်တင်ပြပြီး၊ ပြိုင်ပွဲမှာဝင်နိုင်မလားလို့လည်း ရွေးချယ်ရေးအဖွဲ့ကမေးလာခဲ့ပါတယ်။ တဖက်ကတကူးတက offer လုပ်လာတာနဲ့ ကျွန်တော်လည်း ပြောင်းလိုက်ပါ့မယ်လေ..ဆိုပြီး oral presentation ကနေ poster presentation အဖြစ်ပြောင်းဖို့ စာပြန်ပို့လိုက်ပါတယ်။ နှုတ်ပြောအတွက် power point presentation ကပြီးနေပါပြီ။ နှုတ်ပြောက power point မှာ hint လေးတွေနည်းနည်းထည့်ပြီး၊ ကိုယ်ပြောတဲ့အချိန်ကျမှ၊ ကိုယ်ပြောချင်တာကို တိုက်ရိုက်ပြောလို့ရလို့ ပြင်ဆင်ရလွယ်ပါတယ်။ ပိုစတာကတော့ အပြည့်အစုံလုပ်ရတော့ တော်တော်လေးအလုပ်ရှုပ်ပါတယ်။ ဒါကြောင့်အဲဒီချိန်ကစပြီး ပိုစတာကောင်းတစ်ခုမှာရှိသင့်တဲ့ အခြေခံအချက်တွေကို လေ့လာပြီး ပိုစတာအတွက်စပြင်ဆင်ရပါတော့တယ်။ အလုပ်တစ်ခုမပြီးမချင်းတွေးပူတတ်တဲ့ကျွန်တော့်အကျင့်ကြောင့် ၄လအလိုကစပြီး အကြမ်းထည်ကိုစပုံဖော်လိုက်တာ၊ စာသားနည်းပြီး သရုပ်ဖော်တင်ပြချက်အားကောင်းဖို့၊ သုတေသနလုပ်ရတဲ့အကြောင်းရင်း၊ လုပ်ပုံလုပ်နည်း၊ တွေ့ရှိချက်များနဲ့ နောက်ဆုံးနိဂုံးစတာတွေကို တစ်ခုနဲ့တစ်ခုချိတ်ဆက်မိအောင် ထည့်သွင်းဖို့၊ ပုံတွေအားလုံးဟာ ကြည့်တာနဲ့အဓိပ္ပါယ်ပေါက်တဲ့ self-explanatory ဖြစ်ဖို့၊ အရောင်နဲ့ font ရွေးချယ်မှုမှန်ကန်ဖို့စတဲ့ ပိုစတာကောင်းတစ်ခုရဲ့ဝိသေသတွေကို တနေ့နည်းနည်းပြင်ဆင်လာခဲ့ပါတယ်။ နီးမှကမှန်းကတမ်းလုပ်တတ်တဲ့ ဂျပန်ကသူငယ်ချင်းတွေက ပိုစတာကဘယ်တော့လည်း..အဝေးကြီးလိုပါသေးတယ်..ဆိုပြီး အံ့သြကြပါတယ်။ ကျွန်တော်က စိတ်ပူတတ်တဲ့သူမို့ အမြဲပြင်ပြင်ဆင်ဆင်လုပ်လေ့ရှိတာပါလို့ပြန်ဖြေရပါတယ်။ ညီလာခံနှစ်ပတ်အလိုမှာတော့ ကျွန်တော့်စာတမ်းကို တခြားစာတမ်း၁၁ခုနဲ့အတူ finalist ၁၂ခုထဲမှာ ရွေးချယ်ခံရကြောင်း အကြောင်းကြားလာပါတယ်။ ခရီးမထွက်ခင် ၁ပတ်အလိုမှာ ပိုစတာကို print ထုတ်လို့ရအောင် book လုပ်ထားခဲ့လို့ ချောချောမောမော ထုတ်ပြီး စိတ်အေးလက်အေးခရီးထွက်လာနိုင်ခဲ့ပါတယ်။
ညီလာခံပထမနေ့မှာ ကျွန်တော်တို့စာတမ်းရှင် ၁၂ဦးကို အခန်းတစ်ခုထဲမှာသီးသန့်ထားပြီး ဒိုင်လူကြီး ၃ဦးရဲ့ရှေ့မှာ presentation လုပ်စေခဲ့ပါတယ်။ ၅မိနစ်ရှင်းလင်းပြီး ၅မိနစ် မေးခွန်းတွေကိုပြန်ဖြေကြားရတာပါ။ အချိန်သတ်မှတ်ချက်အတွင်းပြီးအောင်ပြောဖို့အရေးကြီးတာသိထားတဲ့အတွက် ပွဲမ၀င်ခင်အိမ်မှာ ကြိုကျင့်ပြောကြည့်တော့ သမီးလေးက တိုင်မာကိုင်ပြီး ၁၀စက္ကန့်ပိုသွားပြီ..မရဘူး..ပြန်ပြော..စသည်ဖြင့် coach လုပ်ပေးခဲ့ပါတယ်။ ဒီကျေးဇူးကြောင့်တကယ်ပြောတဲ့အချိန်မှာ အချိန်ကွက်တိ ၁စက္ကန့်မလို မပိုဘဲ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒိုင်တွေမေးတာကို ကိုယ်တတ်နိုင်သလောက်ကြိုးစားဖြေရင်း မရှင်းလင်းတဲ့မေးခွန်းဆိုရင်ဒိုင်ကို ဒါကိုမေးတာပါလားခင်ဗျာ..စသည်ဖြင့် ပြန်confirm လုပ်ပြီး ဒိုင်နဲ့ကိုယ်ကြားနားလည်မှုမလွဲအောင် လုပ်ယူရပါတယ်။ ကျောင်းမှာ center of excellence program မှာ နှစ်တိုင်းဝင်ပြိုင်နေခဲ့တဲ့အတွေ့အကြုံက အများကြီးအထောက်အကူရခဲ့ပါတယ်။ ဒီနေ့ဆုပေးပွဲမှာတော့ မမျော်မှန်းဘဲဆုရရှိခဲ့လို့ ၀မ်းသာပျော်ရွှင်ခဲ့ရပါတယ်။ သွားဖက်ဆိုင်ရာဆေးပညာနဲ့ပတ်သက်တဲ့ ကမ္ဘာ့ညီလာခံကြီးမှာ မြန်မာပြည်ကိုယ်စားပြုပြီး ဆုရယူနိုင်ခဲ့လို့ ကျေနပ်မိရပါတယ်။ ဒါဟာလည်း ကျွန်တော်ဟာ တော်နေတတ်နေလွန်းလို့မဟုတ်ဘဲ ပွဲမ၀င်ခင်ပြင်ကကျင်းပဆိုသလို အချိန်ယူ ပြင်ဆင်မှုဝီရိယအကျိုးနဲ့ စာများများဖတ်တဲ့ဝါသနာတွေကြောင့်အပြင် မြတ်စွာဘုရားရဲ့တန်ခိုးတော်နဲ့ဂုဏ်ကျေးဇူးကိုယုံကြည်မှုကြောင့်လို့ ၀န်ခံပါရစေ။ ဂုဏ်ပြုအားပေးကြတဲ့ ဘလော့ဂါဆွေမျိုးများနဲ့ စာဖတ်သူများ၊ မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။

မှတ်ချက်
(မနေ့ညက ဘလော့ဂါတွေနဲ့တွေ့ဆုံကြချိန်မှာ ကမာကူရဘုရားရဲ့တန်ခိုးကြီးပုံတွေကိုပြောပြရင်း၊ ကျွန်တော်ဆု၎ခုတောင်းထားတာ ၂ခုပြည့်ပြီးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီထဲကတစ်ခုက ဒီမလာခင်ဖြေခဲ့တဲ့ ဂျပန်တက္ကသိုလ်က center of excellence program မှာ ဒီတစ်ကြိမ်လည်းထပ်အရွေးခံရတဲ့အကြောင်း စင်္ကာပူရောက်တဲ့ညမှာဘဲ မေးလ်နဲ့အကြောင်းကြားလာခဲ့လို့ပါ။ ဒါနဲ့ဆို ၃ခုပြည့်ပြီပေါ့ဗျာ)

15 comments:

Anonymous said...

မြန်မာပြည်ကိုယ်စားပြု ဆုရခဲ့တဲ့ ဒေါက်တာ
ဦးဥာဏ်ကို အင်မတန်မှ လေးစားဂုဏ်ယူမိကြောင်းပါ...
လိုသေးတဲ့ တောင်းဆု တစ်ခုလည်း အမြန်ဆုံး
ရနိုင်ပါစေ...

mie nge

Anonymous said...

ကြိုတင်ပြင်ဆင်မူရဲ့ အကျိုးကိုလက်တွေ့ခံစားရတဲ့
ဦးဥာဏ်ကို ဂုဏ်ပြုပါတယ်။
ဆက်လက်အောင်မြင်နိုင်ပါစေ.။

တောင်ပေါ်သား said...

ဦးဥာဏ် ဂုဏ်ယူပါတယ် ဆက်လက် အောင်မြင်ပါစေ

လေးစားလျက်
တောင်ပေါ်သား

ကြည်ဖြူပိုင် said...

ကျန်တဲ့ဆုတစ်ခုလည်းအမြန်ဆုံးပြည့်ပါစေဦးဥာဏ်

Thinzar said...

Congratulations ပါ ဦးဥာဏ်.. အခုလို မြန်မာနိုင်ငံကိုယ်စားပြု ပထမဆု ရယူနိုင်ခဲ့တာ အရမ်းကို ဂုဏ်ယူလေးစား ဝမ်းမြောက်မိပါတယ်။ :)

ကြည် said...

congratulation ပါ ဦးဥာဏ်ရေ။ အများကြီး အများကြီး ဂုဏ်ယူမိပါတယ်။
အောင်မြင်မူ့တွေ ပြည့်နေတဲ့ ဘ၀ ပိုင်ဆိုင်သူ အမြဲဖြစ်ပါစေ။ မိသားစုအားလုံးပျော်ရွင်ပါစေ။

ဖိုးသင်္ကြန် said...

ဂုဏ်ယူပါတယ် ဆိုတာထက် အတုယူချင်တယ်လို့ ပြောပါရစေ အကိုရေ။

Anonymous said...

Congratulation par Dr. Nyan
I always read u n WWFM's blog....
Cheer

နှင်းဟေမာ said...

ဒေါက်တာ ဦးဥာဏ်ရေ...
နှင်းက စင်္ကာပူမှာနေပြီးဦးဥာဏ်နဲ့ မမ၀ါတို့ မိသားစုလေးကို ကြိုဆိုခွင့်မရလိုက်တာ ၊ ခင်မင်ခွင်မရလိုက်တာတွေအတွက် အ၇မ်းစိတ်မောကင်း ဖြစ်ခဲ့မိတယ်...။
ဒီပို့စ်လေး ဖတ်ပြီးတဲ့ အချိန်မှာ ကြည်နူးစိတ်နဲ့ အတူ ကြက်သီးမွေးညှင်းလေးတွေတောင်ထမိတယ်...။
ဦးဥာဏ် ရဲ့ ကြိုးစားမှု နဲ့ စိတ်ဓါတ်ကို အရမ်းလေးစား အားကျမိပါတယ်....။
ခင်မင်လေးစွာလျှက်
နှင်း

Meengelay said...

おめでとうございます。:)

Waing said...

ဦးဥာဏ်ရဲ့ ၀ီရိယနဲ့ ၀ါသနာကြောင့် မြန်မာလူမျိုးတစ်ယောက် ကိုယ့်တိုင်းပြည်အတွက် ကိုယ်စားပြု အောင်မြင်မှုဆု ရရှိခဲ့လို့ ၀မ်းသာပီတိဖြစ်မိပါတယ်။ ဒီထက်မက နောက်နှစ်တွေမှာလည်း အောင်မြင်မှုတွေ ထပ်ရပါစေလို့ ၀ိုင်း ဆုတောင်းပေးလိုက်ပါတယ်....

Dust in the wind said...

Congratulation....

khin oo may said...

Congratulation...ကိုဥာဏ်

မမိုး said...

လေးစားဂုဏ်ယူမိပါတယ်။ အတုယူစရာ ပါပဲ။
သက်မွေးဝမ်းကြောင်းအောင်မြင်မှုတင် မကဘဲ
ဟန်ချက်ညီတဲ့ ပျော်ရွှင်စရာ အိမ်ထောင်သည်ဘ၀ကိုပါ ပိုင်ဆိုင်ထားလို့ပါ။
ရှေ့ဘ၀တလျှောက်လုံးလဲ အောင်မြင်သည်ထက် အောင်မြင်နေဦးမှာပါ။
သေချာပါတယ်။

ရွှေပြည်သူ (ShwePyiThu) said...

အစ်မဝါဝါဆီမှာ ဖတ်ပြီးကတည်းက သိပ်ဝမ်းသာခဲ့သလို မြန်မာလူမျိုးတစ်ယောက်ရဲ့ အောင်မြင်မှုအတွက်လည်း အရမ်းဂုဏ်ယူမိပါတယ် အစ်ကိုဥာဏ်ရေ။ အစစ ပြင်ဆင်ခဲ့တာတွေကို လေးစားအားကျစွာနဲ့ သေချာဖတ်ပြီး မှတ်သားသွားပါတယ်။ တော်နေတတ်နေလွန်းလို့ မဟုတ်ဘူးလို့ ပြောပေမယ့် ဝီရိယနဲ့ ကြိုတင်ပြင်ဆင်မှု တွေကပဲ တော်ခြင်းတတ်ခြင်းရဲ့ အခြေခံအုတ်မြစ်တွေလို့ မြင်မိပါတယ်။ CONGRATULATIONS ပါ အစ်ကိုဥာဏ်။

လေးစားလျက်
ရွှေပြည်သူ