Thursday, October 8, 2009

သက်ရှည်ကျန်းမာခြင်းဆိုင်ရာဗီဇ


ကယ်လိုရီဓာတ်လျှော့စားရင် အဆီကျစေပြီး၊ သွေးတိုး၊ သွေးတွင်းအဆီများခြင်းနဲ့ ဆီးချိုရောဂါတွေကို လျော့နည်းစေပြီး မှတ်ဥာဏ်ပိုကောင်းစေ၊ အသက်ပိုရှည်စေတယ်ဆိုတာ နှစ်တော်ကြာကတည်းက တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ မြန်မာပြည်တွင်းက ကျန်းမာရေးဂျာနယ်တချို့မှာ ကယ်လိုရီလျှော့စားဖို့၊ အသားဓာတ်နဲ့ အသီးအရွက်ပိုစားဖို့ တိုက်တွန်းထားတဲ့စာတွေဖတ်ရဖူးပါတယ်။ ခက်တာက မြန်မာတွေအတွက် ထမင်းဟာအဓိက အစားအစာဖြစ်ပြီး အစဉ်အဆက်ထမင်းအဓိကစားတဲ့ဓလေ့က စွဲနေခဲ့ပါပြီ။ ထမင်းမပါရင် ဘာစားစားဝတယ်တင်းတိမ်တယ်လို့မခံစားရဘူး။ ထမင်းကိုများများစားမိပါတယ်။ ဂျပန်တွေအသက်ရှည်၊ ကိုယ်ရေစစ်ရခြင်းအကြောင်းတွေထဲမှာ၊ ထမင်းကို ပန်းကန်လေးတစ်လုံးစာလောက်ဘဲစားပြီး၊ အသားငါးနဲ့အသီးအရွက်တွေပိုစားတာလည်းတစ်ခုပါပါလိမ့်မယ်။
နောက်ဆုံးထွက်တဲ့သုတေသနအရ ဆဲလ်တွင်းက ribosomal S6 protein kinase 1 (S6K1)လို့ခေါ်တဲ့ပရိုတိန်းဆိုင်ရာ ဗီဇဓာတ်တစ်ခုကို တားဆီးလိုက်ခြင်းဟာ၊ ကယ်လိုရီလျှော့စားလို့ ဆဲလ်တွင်းက ဗီဇတွေပြောင်းလဲတာ၊ အလုပ်လုပ်ပုံတွေပြောင်းလဲတာအလားတူ၊ ကိုယ်ခန္ဓာပေါ်မှာ အကျိုးရှိတဲ့သက်ရောက်မှုတွေရှိတယ်လို့ဆိုပါတယ်။ ဒီဗီဇကိုအလုပ်မလုပ်အောင်တားဆီးထားတဲ့ သုတေသနအကောင်လေးတွေဟာ၊ ကိုယ်ရေစစ်ပြီး၊ အဆီအပိုမရှိဘဲ၊ ပုံမှန်ထက်သက်တမ်းပိုနေနိုင်ကြတယ်လို့ဆိုပါတယ်။

ကယ်လိုရီလျှော့စားဆိုပေမယ့်၊ အသားဓာတ်၊ လိုအပ်တဲ့ပမာဏထက်မပိုတဲ့အဆီဓာတ်နဲ့ ဗီတာမင်အတွက် အသီးအရွက်တွေကိုတော့ ပြည့်မီအောင်စားရပါမယ်။ ဒါမှ ကျန်းမာသက်ရှည်မှာဖြစ်ပါတယ်။

References:
Colin Selman et al. Ribosomal Protein S6 Kinase 1 Signaling Regulates Mammalian Life Span. Science 2 October 2009
Witte et al. Caloric restriction improves memory in elderly humans. Proceedings of the National Academy of Sciences.
Anderson et al. Caloric restriction and aging: studies in mice and monkeys. Toxicologic pathology 37 (1): 47–51

1 comments:

ကြည်ကြည် said...

လာဖတ်သွားပါတယ် ဆရာရေ..
ထမင်းများများ ဟင်းနဲနဲက အကျင့်ကိုပါနေတာပါပဲ။
အခုနောက်ပိုင်း မနဲသတိထားပြင်နေရတာ။ စိတ်ထဲမှာ ဟင်းများများထမင်းနဲနဲ စားရင်
အပြစ်ရှိသလိုကို ခံစားခဲ့ရတာလေ။ ဒါပေမဲ့ ကျမ်းမာရေးအတွက် ညီညွတ်မျှတမဲ့ အစားအသောက်ဖိုး အကုန်ခံရတာ ရောဂါရပြီး ဆေးကုခပေးရတာထက် တန်ပါတယ်လေလို့ ပြန်ပြန်တွေးရတယ်။ ဒီမှာက အသီးအရွက်ဈေးကြီးတယ်။