Friday, November 21, 2008

ဝါးကြဦမလား..ကွမ်းယာ



ကွမ်းယာလို့ပြောလိုက်ရင်၊နိုင်ငံတကာသတင်းတွေမှာတွေ့လိုက်ရတဲ့၊ လက်ဗလာနဲ့သနားစရာလူတွေကို ကန်ကျောက်ရိုက်နှက်နေကြတာကို ကွမ်းယာတညိမ့်ညိမ့်ဝါး
ကွမ်းသွေးရောင်သွားတွေပေါ်အောင်ကျေကျေနပ်နပ်ပြုံးရယ်ရင်း စီမံခန့်ခွဲနေတဲ့၊ လူတယောက်ကိုသွားသတိရမိပါတယ်။ ရွံရှာမုန်းတီးစိတ်နဲ့အတူတဆက်တည်းတွေးမိသွားတာက၊ ကျန်းမာရေးနဲ့ပတ်သက်လို့ပါ။ ပေါက်စဘ၀မှာတောင်ကွမ်းတွေဒီလောက်
ဝါးနေရင် အကောင်ကြီးကြီးလည်းဖြစ်ရော၊ သွားတွေလည်းပြုန်းတီးပြီး၊ ကင်ဆာတွေလည်းဖြစ်ရောနေမှာဘဲ..လို့။
ဒီနေ့တော့ကွမ်းယာနဲ့သွားခံတွင်းကျန်းမာရေးအကြာင်းဗဟုသုတဝေမျှချင်ပါတယ်။

ကွမ်းနဲ့ကွမ်းယာဝါးတဲ့ဓလေ့ဟာ၊ မြန်မာအပါအ၀င် အရှေ့တောင်အာရှနဲ့တောင်ပစိဖိတ်ကျွန်းဒေသနိုင်ငံတွေမှာ တွေ့ရတဲ့ဓလေ့ဖြစ်ပါတယ်။ ဒါ့အပြင်ကမ္ဘာအနှံ့အပြားက အိန္ဒိယနွယ်ဖွားတွေမှာလည်းတွေ့ရပါတယ်။ တကယ်တော့ဒီဓလေ့ဟာလွန်ခဲ့တဲ့နှစ် ၂၀၀၀လောက်ကတည်းကအိန္ဒိယကနေပြန့်ပွားလာခဲ့တာလို့မှတ်တမ်းတွေကဆိုပါတယ်။ (မြန်မာ့ရိုးရာဓလေ့လို့ဆိုချင်သူများစဉ်းစားစရာပါ)
ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး (ဗမာဆေး) တို့အဓိကပါဝင်ပြီး နောက်ပိုင်းမှာအိန္ဒိယက၀င်တဲ့ အာမွှေး၊ နိုင်တီနိုင်းစတဲ့အမွှေးအကြိုင်မျိုးစုံထည့်သွင်းလာကြပါတယ်။ ကွမ်းယာကိုအပြင်းပြေ၀ါးတဲ့သူက၀ါးတယ်။ ဆေးရွက်ကြီးအာနိသင်နဲ့လန်းဆန်းပြီးမအိပ်ချင်အောင်ဆိုပြီးစားတဲ့သူကစားတယ်။ ဆေးလိပ်ဖြတ်ချင်လို့ဆိုပြီးကွမ်းယာပြောင်း
ဝါးတဲ့သူတွေလည်းတွေ့ဖူးပါတယ်။ နယ်မှာတုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ကွမ်းယာနဲ့စလိုက်တာ ညအိပ်ယာ
ဝင်မှပါးစပ်ထဲကကွမ်းယာကိုထွေးဖြစ်တယ်ဆိုတဲ့လူတွေအများကြီးတွေ့ခဲ့ရပါတယ်။

လူတွေကြိုက်ပြီးဝါးနေကြတဲ့ကွမ်းယာဟာ၊ သွားနဲ့ခံတွင်းပြဿနာကစလို့ အသက်အန္တရာယ်အထိဒုက္ခပေးနိုင်တယ်ဆိုတာ၊ ကျွန်တော်တို့တွေရောက်လေရာနေရာတိုင်းမှာ ကျန်းမာရေးပညာပေးပြောပြလေ့ရှိပါတယ်။ တချို့လည်း..အဖိုးအဖွားတွေလက်ထက်ကတည်းက၀ါးလာတာ..ဘာမှမဖြစ်ဘူး..ဆိုပြီးဆက်ဝါးကြတာပါဘဲ။ အပျင်းပြေဆိုပြီးစ
ဝါးမိတဲ့သူတွေလည်းအလွယ်တကူမဖြတ်နိုင်ကြတော့ပါဘူး။
ကွမ်းယာရဲ့အပေါ့ဆုံးဆိုးကျိုးတွေက၊ သွားတွေအရောင်ညစ်တာ၊ ကြွေလွှာပြုန်းတီးတာ၊ မေးရိုးအဆစ်ရောဂါရတာ၊ သွားကျောက်တွေတည်ပြီး သွားဖုံးရောဂါတွေရတာပါ။
အသက်အန္တရာယ်ရှိတဲ့ဆိုးကျိုးတွေကတော့၊ ခံတွင်းကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာနဲ့အသည်းကင်ဆာရောဂါတွေဖြစ်ပါတယ်။


ကွမ်းရွက်ဟာဆေးဖက်ဝင်အရွက်ထဲမှာပါပေမယ့်၊ ကွမ်းသီး၊ ဆေးရွက်ကြီးနဲ့အမွှေးအကြိုင်တွေမှာ နိုင်ထရိုစမင်း၊ အလ်ကာလွိုက်နဲ့ပိုလီဖီနောဓာတ်တွေအပါအ၀င် ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်း အမျိုး ၃၀လောက်ပါဝင်ပါတယ်။ ထုံးကခံတွင်းသားတွေကိုလောင်စေပြီး၊ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေအထဲစိမ့်ဝင်အောင်အားပေးပါတယ်။ ကင်ဆာမဖြစ်ခင်အဆင့်မှာ၊ submucous fibrosis ဆိုတဲ့ ခံတွင်းသားလွှာလေးတွေအဖြူရောင်ပြောင်းပြီးမာကျောလာတဲ့အခြေအနေကိုတွေ့ရတတ်ပါတယ်။ တချို့ဆိုပါးစပ်ဟလို့မရတော့အောင်ဆိုးလာပါတယ်။ leukoplakia, oral lichen planus လို့ခေါ်တဲ့ အဖြူရောင်အကွက်တွေပါးစောင်သားနဲ့လျှာတွေမှာဖြစ်တာလည်းရှိပါတယ်။ အဲဒီကနေတစစနဲ့ကင်ဆာဖြစ်သွားနိုင်ပါတယ်။ နယ်ဆေးရုံမှာတာဝန်ကျတုန်းက ဒီလိုကေ့စ်တွေအများကြီးတွေ့ခဲ့ရပါတယ်။ အားလုံးကွမ်းစားတဲ့သူတွေပါ။ ကွမ်းကိုပါးစောင်မှာမြုံထားတတ်တဲ့သူတွေမှာပိုဆိုးပါတယ်။

ခံတွင်းကင်ဆာနဲ့အစာမျိုလမ်းကြောင်းကင်ဆာတွေဖြစ်ရင် နောက်၅နှစ်အသက်ဆက်ရှင်ဖို့အခွင့်အရေးဟာ ၆၀%ထက်မပိုတော့ပါဘူး။ မသေခင်မှာလည်း၊ ဓာတ်ကင်ရတာကစလို့ မေးရိုးတခုလုံးလှီးထုတ်ပစ်လိုက်ရတာ၊ လျှာဖြတ်ပစ်လိုက်ရတာစတဲ့ ကုသမှုကြီးတွေနဲ့ကြုံရပြီး၊ အစားမစားနိုင်စကားမပြောနိုင်၊တပိန်ပိန်တလှီလှီနဲ့ နာကျင်တဲ့ဝေဒနာကိုမသေမချင်းခံစားကြရရှာပါတယ်။


ကွမ်းယာဝါးတာနဲ့အတူ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကလည်း ခံတွင်းနဲ့အစာမျိုလမ်းကြောင်းကင်ဆာတွေဖြစ်စေနိုင်ပါတယ်။ သုတေသနတွေအရ ကွမ်းလည်းဝါး ဆေးလိပ်လည်းသောက်ရင်၊ ကွမ်းစားဘဲစားတဲ့လူနဲ့စာရင် ကင်ဆာဖြစ်နိုင်ချေ ၆ ဆလောက်မြင့်ပြီး၊ ကွမ်းစား-ဆေးလိပ်သောက်-အရက်သောက် ၃မျိုးလုံးလုပ်ရင်တော့ ၁၂၃ ဆ မြင့်သွားပါတယ်။

ကဲ..၀ါးကြဦးမလားကွမ်းယာ...

16 comments:

thonn thonn said...

အင်း.. အဲလိုပုံမျိုးတွေနဲ့ ပြရင်တောင် လူတွေက တွေ့တုန်းခဏပဲ ။ ပြီးရင် ပြန်လုပ်ကြတာပဲ။ ငယ်ငယ်က ၉ တန်း ဘိုင်အိုမှာ ဝက်သားနဲ့လူ လည်ပတ်ပုံသင်တယ်။ တစ်လလောက်ဝက်သားမထိတော့ဘူး။ နောက်ကျတော့ ပြန်စားတာပဲ ကိုယ်တွေ့။ :) ဆေးလိပ်ဗူးတွေမှာ ကြောက်စရာ ရွံစရာပုံအမျိုးမျိုးနဲ့ရောင်းတယ်။ အဲဒီဗူးခွံကိုင်ပြီး သောက်နေကြတာပဲ။ ဒေါက်တာ့စေတနာတွေကို ဖတ်မိပြီး ပြင်ကြမဲ့သူတွေရှိရင် သိပ်ကောင်းမှာပါ။ (ငယ်ငယ်ကတော့ ဂုတ်မှာ ရေယုံပေါက်လို့ အမေက ကွမ်းဝါးပြီး ပွတ်ပေးတယ်။ မကြာဘူး၊ ပျောက်သွားတော့တာပဲ)

ZT said...

တစ်ခါတစ်လေပါ ဒေါက်တာရယ်။
နည်းနည်းပါးပါးနဲ့တော့ ပြသနာမရှိလောက်ပါဘူး မဟုတ်လား။ (ဆင်ခြေတက်ကြည့်တာပါ။)

Dr. Nyan said...

ကင်ဆာဖြစ်ကြတဲ့သူတွေက နှစ်နဲ့ချီပြီးစားခဲ့ကြသူတွေ
များပါတယ်။ တနေ့တနေ့ဘယ်နှစ်ယာလောက်စားတယ်
ဆိုတာရယ်၊ ကွမ်းယာကိုပါးစောင်မှာမြုံ့ထားလား၊ ခဏ
ခဏထွေးလိုက်လားဆိုတာရယ်လည်းမူတည်ပါသေး
တယ်။
ဒီကွမ်းယာထဲကဓာတ်ပစ္စည်းတွေကိုယ့်ခံတွင်းသားနဲ့
ဘယ်လောက်ခဏခဏထိတွေ့လည်းဆိုတာအရေး
ကြီးတာမို့၊ တခါတလေပေါင်းများစွာဆိုရင်လည်း၊ ထိတွေ့မှုများစွာဖြစ်နိုင်တာမို့
လုံးဝမစားတာတော့အကောင်းဆုံးပေါ့။

ဆန်းဝင်း said...

သွားအလှပျက်ဆီးတယ် ။ ထုံးပေါက်လို့ စားခြင်တာမစားနိုင်။ မကောင်းဘူးဆိုတာ လူငယ်တိုင်း သိမယ်ထင်ပါတယ် ။ မြန်မာ့ ရိုးရာ ဆိုပြီ ရှေးရိုးစဉ်လာနဲ့ စိတ်ကိုညာနေတာ ကြာရင် ကင်ဆာနဲ့တွေ့မယ် ဆိုတာ သိရင် ရှောင်ကြမှာပါ ။ ပြောသာပြောရတယ် အကိုရာ ။ ကျနော် အဘိုးဆုံးတော့ အဖေ့ကို ကြေးကွမ်းအစ်ပေးခဲ့တယ် ။ အခုဆို အဖေလည်း ကွမ်းစားနေပြီ ။ မီးရိုးဖလာ တဲ့ဗျာ တော်တော်ခက် ပါတယ် ။

တောင်ပေါ်သား said...

ဦးဥာဏ်ရေ ကျနော်ကတော့ ကွမ်းမစားတော့ ကြောက်စရာမလိုဘူးနော့် ဟီးးးးး ကျေးဇူးအကိုရေ ဒီလို မျှဝေပေးတဲ့ အတွက် .. မစားဖြစ်အောင် ရှောင်ကြဉ်သင့်ပါတယ်

Anonymous said...

သေပြီဆရာ :-P။ ကျွန်တော်က ကွမ်းသိပ်ကြိုက်တာဗျ။
အခြေအနေအရ ၀ယ်မရတဲ့နေရာရောက်နေလို့သာ။ ဆရာတင်ထားတဲ့ပုံတွေကြည့်ပြီး နည်းနည်းတော့ဖျား
သွားတယ်။ ပြတ်လက်စနဲ့ဘယ်တော့မှ ပြန်မစားဖြစ်
အောင်နေမှ။ ဆေးလိပ်ကတော့ ဖြတ်ဖို့ကြိုးစားနေတာ။
လောလောဆယ်တော့ အ၀ယ်ဖြတ်ထားတယ်။ :-D
အင်း- အရက်ကတော့ လုံးဝမသောက်လို့ တော်ပါ သေးရဲ့။

Unknown said...

Dr.်ညဏ် ရေ၊
မှန် ပါတယ်။ခံတွင်း မှာ ရောဂါ တစ်ခုခု ဖြစ်ပြီဆိုရင် တခြားရောဂါ တွေထက်ပိုခံစားရပါတယ်။ဒီ Postလေးကတော်တော်အကျိုးပြုပါတယ်။ လိုက်နာသင့်ပါတယ်။
ကျမ-ဆရာ့ Blogကိုဝင်ဖတ်နေတာကြာပါပြီ။

Taungoo said...

ဆရာရေ
ကျွန်တော့်အဖေလည်း ကွမ်းသိပ်စားတာပဲ။ ဘယ်လိုမှ ပြောမရဘူး။ မသိတာလည်းမဟုတ် သိလျက်နဲ့ ကြိုက်လို့ကို စားနေတာ။ တစ်ဆွေတစ်မျိုးလုံး ကွမ်းကြိုက်ကြတယ်ပဲ ဆိုပါတော့ဗျာ။ တောင်ငူသားတွေကိုး။ ဒီတစ်ခေါက်ပြန်ရောက်ရင်တော့ ကွမ်းမစားတရား ထပ်ဟောရဦးမယ်ဗျာ။ ဆရာ့စာကနေ အချက်အလက်တွေ သယ်သွားပြီဆရာ။ ကျေးဇူးပါ။

flowerworld said...

အကိုဥာဏ်ရေ...ခုမှပြန်လာလည်၇တာ..ပါးစပ်ကိုတွေ့ပြီး လန့်သွားတာပဲ....ကြည့်တောင်မကြည့်ရဲဘူး ပြူးပြီးပဲကြည့်သွားတယ်..ဟီးး
အဖေလဲခဏခဏစားတယ်ခဏနေထုံးပေါက်လိုက်နဲ့
ဘကြီးဆိုကွမ်းစားတာသွားတွေဆိုမဲနေတာပဲ
အဖေတော့သူ့လောက်အမြဲမစားလို့လားမသိဘူး သွားတွေမမဲဘူး...ဟိ..ခုတော့မသိတော့ဘူးအိမ်မပြန်တာကြာလို့
ကျန်းမာရေးဗဟုသုတတွေလာလာဖတ်ပါမယ်အကိုဥာဏ်ရေ

nu-san said...

ဒေါက်တာရေ.. ဒီပို့စ်ဖတ်ပြီး အိမ်က လူကြီးတွေကို ဘယ်လိုပြောပြရမှန်းတောင် မသိတော့ပါဘူး.. အိမ်မှာ အဖေရော အမေရော အကိုရော ကွမ်းစားကြတယ်.. သူတို့က ငုံတော့ မထားဘူး.. ထွေးထုတ်ပစ်ကြတယ်.. ကျမ အမျိုးသားလည်း ငယ်ငယ်ကတည်းက သူ့အဖွားက ခွံ့ကျွေးရင်း စားတတ်တာ။ နိုင်ငံခြား တခါထွက်မယ်ဆို သူ့သွားတွေ ခြစ်ရပြီ။ နိုင်ငံခြားမှာက ကွမ်းမရှိတော့ မစားပဲနေရတာပေါ့.. မြန်မာပြည်ပြန်ရောက် ပြန်စားတာပဲ.. အဲဒါနဲ့ပဲ ပြန်ထွက်ခါနီး သွားကျောက်ခြစ်ရ၊ ပြန်လာ ပြန်စားနဲ့ သံသရာ လည်နေတာ.. အခုနောက်ပိုင်းမှ မစားဖြစ်တော့တာ.. အိမ်က လူကြီးတွေကတော့ အလွယ်တကူလည်းဝယ်လို့ ရနေတယ်ဆိုတော့ လျော့စားပါတို့ ဖြတ်ပါတို့ ပြောလည်း ပြောတဲ့သူကပဲ မောတယ်.. ပြောမရဘူး... အခုလို ဓာတ်ပုံတွေမြင်ရတော့ ပိုတောင် ကြောက်မိတယ်...

Dr Phyo Wai Kyaw said...

ဆရာရေ ဖတ်သွားပါကြောင်း။

WWKM said...

ကွန်မန့်လာပေးကြည့်တာနော်.
မရဘူးဆိုလို့ ။း)

Dr. Nyan said...

Comment တွေအတွက်အားလုံးကိုကျေးဇူး
တင်ပါတယ်ခင်ဗျာ။ setting ပြောင်းနေလို့
comment တွေမပေါ်မှန်းမသိလိုက်ဘူးဗျ။

Unknown said...

ဆ ရာေ၇ ပုံ တွေ ကို ကြည့် ပြီး ကြောက် လာ တယ် ဗျာ။ အ စ က တော့ စား တယ်။ အ ခု တော့ စား တော့ ပါ ဘူး။ လေး စား ပါ တယ် ဆရာ ဥာဏ်။

Fraganipani said...

ဆရာ ကျွန်မတို့ အိမ်မှာ အဖေကော အမေပါ ကွမ်းစားကြတယ် ကွမ်းယာဆိုင်ကလဲ အိမ်ရှေ့မှာ ကျေးဇူးအများကြီးတင်ပါတယ် ။ အချက်အလက်တွေမှတ်သွားပါတယ် ။

Anonymous said...

ကျနော့်အသက် (၄) နှစ်၊ ကွမ်းစားသက်ပေါ့။ ဒီပို့(စ်) ကို ဖတ်လိုက်မိတော့ လန့်တောင်လန့်သွားတယ်။ အသိတရားကင်းခဲ့လို့ တပြိပြိ ၀ါးထွေးခဲ့တွေ၊ ပြန်တွေးကြည့်ရင်း ကိုယ့်ကိုယ်ကို အကြည်ညိုပျက်မိတယ်။ ။ အခုတော့ လျှပ်တစ်ပျက်မှာ သတိတစ်ချက်ဝင်လာတယ်။ ငါ့ခံတွင်းဟာ အမှိုက်ကျင်း မဟုတ်ဘူးလို့။ ကျေးဇူးတင်ပါ ဆရာ။