Tuesday, June 30, 2009

Dental Galvanism - ခံတွင်းထဲက လျှပ်စစ်ဓာတ်

ခံတွင်းထဲမှာ ထွက်ပေါ်လာတဲ့ လျှပ်စစ်ဓာတ်ကြောင့်၊ သွားတွေကျဉ်၊ သွားအူတိုင်ကသွေးကြောတွေရောင်တဲ့အထိ ဓာတ်လိုက်ခံရတဲ့သူတွေရှိတယ်လို့ပြောရင် ယုံချင်မှယုံကြပါလိမ့်မယ်။ သွားတွေကိုသတ္တုနဲ့ဖာထေးရပြီး၊ သတ္တုနဲ့လုပ်ထားတဲ့သွားတုတွေထည့်ထားရတဲ့သူတွေမှာ ဖြစ်တတ်တာပါ။

ဘက်ထရီတစ်လုံးတည်ဆောက်ထားတာကိုကြည့်ရင်၊ ခံတွင်းထဲမှာလည်းလျှပ်စစ်ဓာတ်ဖြစ်ပေါ်နိုင်တယ်ဆိုတာ သဘောပေါက်နိုင်ကြမှာပါ။

မတူတဲ့သတ္တုနှစ်မျိုးက အဖိုတိုင်အမတိုင် cathode-anode အဖြစ်ဆောင်ရွက်ပြီး၊ ကြားခံလျှပ်လိုက်ရည် electrolyte ထဲမှာနှစ်ထားရင် အီလက်ထရွန်ရွေ့လျားမှုဖြစ်ပေါ်ပြီး၊ လျှပ်စစ်ဓာတ်ထွက်ပါတယ်။

ခံတွင်းထဲမှာ မတူတဲ့သတ္တုနှစ်မျိုးထည့်ထားမိရင်၊ အလားတူ အဖိုတိုင်အမတိုင် cathode-anode ဖြစ်ပြီး၊ တံတွေးက လျှပ်လိုက်ရည်အနေနဲ့ရှိနေလို့၊ လျှပ်စစ်ဓာတ်ထွက်လာတာကို dental galvanism-galvanic shock လို့ခေါ်ပါတယ်။ ဘေးကပ်ရက်သွားနှစ်ချောင်းမှာမတူတဲ့သတ္တုနှစ်မျိုးရှိနေရင်၊ ထိဝါးတဲ့ အပေါ်သွားအောက်သွားတစ်စုံမှာ မတူတဲ့သတ္တုတွေရှိနေရင်၊
ဝါးလိုက်တဲ့စက္ကန့်ပိုင်းအတွင်း လျှပ်စစ်အားပြင်းပြင်းထွက်လာလို့၊ သွားကျဉ်တာ၊ နားအူတာ၊ ခေါင်းကိုက်တာတွေခံစားရတတ်ပါတယ်။ အထူးသဖြင့် ငွေသတ္တုစပ်နဲ့သွားဖာထားရတဲ့သူကို၊ ရွှေပါဝင်တဲ့ သတ္တုသွားတုစိုက်ပေးမိရင်၊ ဖာထားတဲ့ငွေသတ္တုစပ်-silver amalgam မှာပါတဲ့ ပြဒါးဓာတ် - mercury နဲ့ ရွှေနဲ့ကြားမှာ လျှပ်စစ်ပိုဖြစ်တတ်ပါတယ်။



တိုးတက်တဲ့နိုင်ငံတချို့မှာတော့၊ ငွေသတ္တုစပ်နဲ့သွားဖာတာတွေမလုပ်တော့ပါဘူး။ ပါးစပ်ထဲမှာ ကြာရှည်ခံပေမယ့် ငွေအပြင်၊ သံဖြူ၊ ပြဒါးစတာတွေပါဝင်ပြီး၊ ပြဒါးအဆိပ်သင့်နိုင်တဲ့ဖြစ်နိုင်ခြေရယ်၊ သွားကိုအများကြီး စက်နဲ့စားလိုက်ရတာရယ်၊ သွားအရောင်အတိုင်းမဖြစ်တာတွေရယ်ကြောင့်ပါ။ သွားဆရာဝန်ကလည်း၊ ငွေသတ္တုနဲ့ပြဒါးရောစပ်ဖျော်ချိန်မှာ ပြဒါးငွေ့တွေရှူမိပြီး အဆိပ်သင့်နိုင်ပါတယ်။ ဒါကြောင့် သွားပိုးပေါက်ကသေးသေးတယ်ဆိုရင်၊ ရောင်ခြည်နဲ့မာကျောစေနိုင်တဲ့ composite resin လို့ခေါ်တဲ့ပိုလီမာကိုသုံးပြီး၊ သွားပိုးပေါက်ကကြီးရင်တော့၊ လူကိုဘေးဥပါဒ်မဖြစ်စေတဲ့ပုံသွန်းသတ္တုစပ်ဒါမှမဟုတ် ကြွေသားနဲ့ပြန်ဖာတာကို လုပ်ပေးပါတယ်။ မြန်မာပြည်မှာလည်း၊ ငွေသတ္တုနဲ့မဖာပေးတော့တဲ့ဆေးခန်းတွေရှိလာနေပါပြီ။

ကြွေသားကတော့၊ သွားအရောင်အတိုင်းလည်းပြန်ရ၊ လျှပ်လည်းမကူး၊ မာလည်းမာကျောလို့ အကောင်းဆုံးပါဘဲ။ ကုန်ကျစရိတ်ကတော့ အများကြီးပိုလို့၊ သွားဖာမယ့်လူနာအတွက် အဟန့်အတားတစ်ခုလိုဖြစ်နေပါသေးတယ်။
အရေးကြီးဆုံးကတော့ သွားပိုးမစားအောင်ကာကွယ်ရေးပါဘဲ။

1 comments:

တောင်ပေါ်သား said...

ကျနော့် သူငယ်ချင်း တယောက်လဲ သွားအဲလိုကျဉ်တယ်ပြောတယ် ဒါပေမဲ့ သူသွားက အကောင်းတွေပဲ အဲ့လို ပြင်ထားတာတော့ မတွေ့ရဘူးကော ဘာနဲ့ ဓါတ်ပြုလဲတော့ သိဘူးရယ်


လေးစားလျက်
တောင်ပေါ်သား