Saturday, February 13, 2010

ကျန်းမာရေးအတွက် ဆေးတခွက်


ဂျပန်က တီဗီအစီအစဉ်တွေကြည့်လိုက်ရင် အစားအသောက်အစီအစဉ်နဲ့ ဟာသအစီအစဉ်ကအဓိကဖြစ်ပါတယ်။ နေ့တိုင်းတလိုင်းမဟုတ်တလိုင်း ဟာသအစီအစဉ်လာပါတယ်။ စနေနေ့လိုနေ့မျိုးဆို၊ ညနေ ၆နာရီလောက်ကနေ ည၁၁နာရီအထိ ရယ်စရာမောစရာအစီအစဉ်တွေ လိုင်းပေါင်းစုံကထုတ်လွှင့်တတ်လို့ ကျွန်တော်တို့အမြဲစောင့်ကြည့်ဖြစ်ပါတယ်။ ဂျပန်တွေက သုတေသနတွေအရမ်းလုပ်ပြီး သုတေသနရလာဒ်တွေကိုလက်တွေ့အသုံးချတတ်တာကြောင့်တမင် ရယ်မောစရာအစီအစဉ်တွေကို ထုတ်လွှင့်ပေးနေတာလို့ထင်ပါတယ်။

ရယ်မောသူသည်အသက်ရှည်ဧ။်ဆိုတာမှန်ပါတယ်။

ရယ်မောခြင်းနဲ့ကျန်းမာရေးဆက်စပ်မှုတွေကို အခုခေတ်မှသိကြတာမဟုတ်ဘဲ ၁၈၈၄ မှာ James နဲ့
Lange ဆိုတဲ့ပုဂ္ဂိုလ်နှစ်ယောက်က စပြီး ရယ်မောခြင်းကြောင့် ကျန်းမာရေးကိုအကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို စဉ်းစားခဲ့ကြပါတယ်။ ရယ်မောနေတဲ့အချိန်မှာ၊ မျက်နှာကြွက်သားအဓိကအပါအ၀င် တခြားကြွက်သားတွေပါ လှုပ်ရှားပြောင်းလဲမှုတွေကနေ၊ နှလုံးနဲ့ဦးနှောက်မှာ သက်ရောက်မှုရှိမယ်လို့ ရှင်းပြခဲ့ကြပါတယ်။

၁၉၆၄မှာ Cousins ဆိုတဲ့ပုဂ္ဂိုလ်ဟာ အရိုးကျီးပေါင်းတက်ရောဂါကို ဆိုးဆိုးရွားရွားခံစားနေခဲ့ရပြီး အဲဒီအချိန်အခါက ကုသဖို့နည်းလမ်းကောင်းမပေါ်ပေါက်သေးခဲ့တဲ့အချိန်ဖြစ်ခဲ့ပါတယ်။ သူဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်ရတာဖြစ်မယ်လို့သူ့ဖာသာကောက်ချက်ချပြီး၊ စိတ်ဖိစီးမှုလျှော့ချတဲ့အနေနဲ့ ချာလီချက်ပလင်ရုပ်ရှင်တွေကြည့်၊တခြားဟာသစာအုပ်တွေ ဖတ်ရင်း လှိုက်လှိုက်လှဲလှဲရယ်မောခြင်းကို နေ့စဉ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ရောဂါဒဏ်ကြောင့်နာကျင်မှုဝေဒနာတွေကခံစားနေရတာသက်သာလာပြီး၊ ဆေးမကုရပါဘဲ ရောဂါအခြေကိုပြတဲ့ သွေးနီဥအနည်ထိုင်နှုန်း (ESR) က တဖြည်းဖြည်းကျဆင်းလာခဲ့ကာ၊ လအနည်းငယ်မှာဘဲ ရောဂါကအရှင်းပျောက်ကင်းသွားခဲ့ပါတယ်။ ၁၉၇၆မှာတော့ Cousinsဟာသူ့ရဲ့အတွေ့အကြုံကို စာတမ်းတင်ထုတ်ဝေပြီး၊ နောက်ပိုင်းမှာ နာမည်ကြီး UCLA တက္ကသိုလ်ဆေးပညာဌာနမှာပါမောက္ခဖြစ်လာခဲ့ပြီး၊ စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဆက်နွယ်မှုကို သုတေသနတွေလုပ်ခဲ့ပါတယ်။

၁၉၈၉မှာတော့ Berk က၊ ရယ်မောခြင်းဖြင့် Natural Killer cell လို့ခေါ်တဲ့ ကိုယ်ခန္ဓာထဲမှာ ကင်ဆာဆဲလ်တွေ၊ မကောင်းတဲ့ဆဲလ်တွေ၊ ရောဂါပိုးတွေကိုတိုက်ဖျက်ပေးတဲ့ဆဲလ်တမျိုးရဲ့အစွမ်းသတ္တိတက်လာစေတာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် stress hormone လို့ခေါ်တဲ့ ACTH, Cortisol, Epinephrine စတဲ့ဟော်မုန်းဓာတ်တွေကိုပါ ကျစေပြီး ကိုယ်ခန္ဓာကျန်းမာရေးအတွက်ကောင်းတဲ့အကျိုးသက်ရောက်မှုရှိအောင်ထိန်းညှိပေးတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ၁၉၉၄မှာ Itami (ဂျပန်) က လူနာတွေကို ၃နာရီကြာ ဟာသပြဇာတ်နဲ့ ရယ်စရာရုပ်ရှင်တွေကြည့်ပြီးရယ်မောစေပြီး၊ Natural Killer cell ရဲ့ပြောင်းလဲမှုကိုစမ်းသပ်ခဲ့ရာမှာ၊ ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်တဲ့ဆေးတွေထက် Natural Killer cell စွမ်းဆောင်ရည်ပိုတက်လာစေတာတွေ့ရှိခဲ့ပါတယ်။ ၂၀၀၇ခုနှစ်မှာ Ishihara (ဂျပန်)က ရယ်မောခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်အပြောင်းအလဲတွေကို သုတေသနပြုခဲ့ရာမှာ၊ ရယ်မောခြင်းဖြင့် စိတ်ဓာတ်ကျခြင်း၊ ဒေါသဖြစ်ခြင်း၊ စိတ်အလိုမကျခြင်းစတဲ့ အနှုတ်သဘောဆောင်တဲ့ခံစားချက်တွေလျော့နည်းစေပြီး၊ အပြုသဘောဆောင်တဲ့စိတ်တွေပိုပြီးဖြစ်စေတယ်ဆိုတာဖော်ထုတ်ခဲ့ပါတယ်။ ဟန်ဆောင်ရယ်မောခြင်း၊ ရယ်မောတဲ့သဏ္ဍာန်လုပ်ခြင်းစတာနဲ့တောင် ကျန်းမာရေးဆိုင်ရာ အာနိသင်ရှိတယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။

ရယ်မောခြင်းဟာကူးစက်တဲ့သဘာဝရှိပါတယ်။ လူတဦးကရယ်မောနေတာမြင်ရတာနဲ့တင်၊ တခြားလူပါလိုက်ရယ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။

ငွေမကုန်ဘဲ ရယ်မောခြင်းဖြင့် ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းစေတဲ့ရယ်မောခြင်းကို နေ့တိုင်းအချိန်ပေးကြပါ။
- ဟာသရုပ်ရှင်၊ ဇာတ်လမ်း၊ တီဗီအစီအစဉ်တွေကြည့်ခြင်း
-သူငယ်ချင်းများနဲ့ပျော်ပျော်ပါးပါးရယ်မောခြင်း
-စိတ်ညစ်စိတ်ပျက်စရာကြုံလာရင် ခံစားမနေဘဲ ရယ်စရာအဖြစ်မြင်တတ်လာအောင်လေ့ကျင့်ခြင်း
-စိတ်မပါဘဲဖြစ်စေ၊ စိတ်ပါလက်ပါဖြစ်စေ တနေ့တကြိမ်တော့အနည်းဆုံးရယ်မောဖြစ်အောင်ကြိုးစားခြင်း

2 comments:

WWKM said...

;))))))))))))))))))
ရယ်သွားတယ်..

Unknown said...

ကောင်းသော ရယ်ခြင်းပါ ခင်ဗျာ...