Friday, July 17, 2009

သွားဖုံးကသွေးထွက်တာ အရေးကြီးလား

သွားဖုံးကသွေးထွက်သွေးယိုတဲ့ပြဿနာနဲ့ပတ်သက်ပြီး ရေးမယ်ရေးမယ်နဲ့မရေးဖြစ်တာ၊ စီဘုံးကစာဖတ်သူမစန္ဒီခေတ်ရဲ့မေးခွန်းကိုဖြေရင်း၊ ပို့စ်အနေနဲ့ရေးလိုက်ပါတယ်။

သွားနဲ့ခံတွင်းပြဿနာတွေကို မကြုံဖူးသူတွေရှိကောင်းရှိပါမယ်။ ဒါပေမယ့်အတော်လေးရှားပါလိမ့်မယ်။ ဆေးပညာမှာဆိုထားတာကတော့၊ လူတိုင်းတစ်သက်မှာ အနည်းဆုံးတစ်ကြိမ်မလွဲမသွေဖြစ်တဲ့ ရောဂါနှစ်မျိုးရှိပါသတဲ့။ တစ်ခုက အအေးမိ (common cold) နဲ့ နောက်တစ်ခုကသွားနဲ့ခံတွင်းရောဂါပါတဲ့။

သွားဖုံးကနေသွေးယိုသွေးထွက်တာကို လူတော်တော်များများကြုံဖူးကြပါလိမ့်မယ်။ ဒါဟာ အရေးကြီးတဲ့လက္ခဏာဖြစ်တယ်ဆိုတာ သတိပြုမိပြီး၊ အရေးတယူကုသမှုခံယူတဲ့သူကတော့ နည်းပါလိမ့်မယ်။
သွားဖုံးကသွေးထွက်နိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကတော့သွားဖုံးရောင်ခြင်းဖြစ်ပါတယ်။ သွားတွေတဖြည်းဖြည်းယိုင်နဲ့ပြီးဝါးလို့မရတော့လို့နှုတ်ပစ်ရလေ့ရှိတဲ့ ရေစီးကမ်းပြိုရောဂါလို့ အရပ်ခေါ်ခေါ်လေ့ရှိတဲ့ သွားမြစ်ဝန်းရောင်ရောဂါ (periodontitis) အစမှာသွားဖုံးရောင်ရောဂါဆိုတာနဲ့စပါတယ်။ သွားဖုံးရောင်စရောဂါဖြစ်တဲ့အချိန်မှာ သွားနဲ့သွားဖုံးကနာကျဉ်မှုမရှိတဲ့အတွက် ကိုယ်တိုင်မသိနိုင်ပါဘူး။ သွားတိုက်တဲ့အချိန်၊ အမာစားတဲ့အချိန်၊ ပန်းသီးကိုက်တဲ့အချိန်စတာတွေမှာ၊ သွားဖုံးသားကို နည်းနည်းထိမိတာနဲ့ သွေးထွက်လာတယ်ဆိုရင်၊ ဒါဟာ သွားဖုံးရောင်ရောဂါစနေပြီလို့ ပြောနိုင်ပါတယ်။ မှန်ထဲမှာသေချာကြည့်ရင်၊ သွားဖုံးအစပ်လေးတွေက နီမြန်းနေတတ်ပါတယ်။

ပိုဆိုးတဲ့အဆင့်မှာ သွားဖုံးက ဖောင်းပြီးပွယောင်းယောင်းမြင်ရတတ်ပါတယ်။ များသောအားဖြင့် ဒီအဆင့်မှာ သတိပြုမိသူနည်းပြီး၊ နောက်တဆင့်ကိုဆက်ဖြစ်သွားတတ်ပါတယ်။ နောက်တဆင့်ကတော့၊ သွားဖုံးသားက သွေးထွက်ချင်မှထွက်ပါတော့မယ်။ အများအားဖြင့် ခုနကလို အလိုလိုမထွက်ဘဲ၊ ဆေးခန်းမှာ စစ်ဆေးတဲ့အချိန်မှ၊ သွေးထွက်တာမျိုးဖြစ်ပါတယ်။ bleeding on probing လို့ခေါ်ပါတယ်။ ဒီအဆင့်မှာသွားဖုံးသားက ပုံမှန်လိုမြင်ရနိုင်ပါတယ်။ ဆေးခန်းမှာမစစ်ဆေးကြည့်ရင်မသိနိုင်ပါဘူး။ အတွင်းထဲမှာတော့၊ သွားမြစ်ပတ်မြှေးအထိ၊ ရောဂါက ရောက်နေပြီဖြစ်ပါတယ်။ သွားခိုင်ခန့်မှုလျော့လာလို့၊ အစာစားရင်သွားကြားညပ်တာ၊ ခံတွင်းနံ့မကောင်းတာဖြစ်လာပါတယ်။ ဒီအဆင့်မှာကုသမှုခံယူရင် ပင်ကိုယ်အတိုင်းသွားပြန်ခိုင်လာနိုင်ပါသေးတယ်။ ဒီထက်ပိုဆိုးလာရင်တော့၊ သွားဖုံးရိုးအထိ ရောဂါပြန့်ပြီး အရိုးသားနိမ့်ကျလာတဲ့အမျှသွားပါနဲ့လာပါတယ်။ အဲဒီအဆင့်ရောက်ဖို့နှစ်တွေအများကြီးကြာကောင်းကြာနိုင်ပါတယ်။ ဒါကြောင့် ရေစီးကမ်းပြိုရောဂါကို အသက် ၄၀ နောက်ပိုင်းမှာ ပိုပြီးတွေ့ရတာဖြစ်ပါတယ်။
အရင်ကပို့စ်တွေမှာရေးထားသလိုဘဲ ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်းက သွားမျက်နှာပြင်မှာ ကပ်နေပြီးပေါက်ပွားပွားများနေတတ်တဲ့ ဘက်တီးရီးယားအလွှာ bacterial plaque/biofilm ပါ။ သာမန်မျက်စိနဲ့မမြင်နိုင်ဘဲ ဆေးတမျိုးဆိုးကြည့်ရင်၊ သွားရဲ့ဘယ်နေရာတွေမှာဒီပိုးမွှားလွှာကပ်နေတယ်ဆိုတာမြင်နိုင်ပါတယ်။ တချို့တွေမှာတော့ ဒီအဆင့်ထက်လွန်ပြီး သွားအရင်းမှာ ကျောက်တွေတည်တဲ့အထိဖြစ်လာပါတယ်။ ပိုးမွှားလွှာကနေ ထုံးဓာတ်နဲ့ပေါင်းပြီးမာကျောသွားတာပါ။ ကျောက်တည်တဲ့အခါ ဒီနေရာတ
ဝိုက်မှာ ပိုးမွှားတွေပိုခိုအောင်းနိုင်ပွားများနိုင်လို့ သွားဖုံးရောဂါပိုဆိုးလာပါတယ်။ ပိုးမွှားလွှာကို သွားတိုက်ရင်ဖယ်ရှားနိုင်ပေမယ့် သွားကျောက်တည်လာရင် သွားတိုက်လည်းမပြောင်တော့ပါဘူး။ ဆေးခန်းမှာ ပြသဖို့လိုလာပါတယ်။ ကုသမှုအနေနဲ့ အသံလွန်လှိုင်းသွားကျောက်ခြစ်ကိရိယာ ultrasonic scaler နဲ့ခြစ်ထုတ်ရပါတယ်။ သွားပေါ်မှာမြင်နေရတဲ့အပိုင်းအပြင်၊ မမြင်ရတဲ့သွားဖုံးအောက်မှာပါ ကျောက်တွေအောင်းနေတတ်ပါတယ်။ ဒီလိုနေရာတွေမှာတော့ anaerobic bacteria လို့ခေါ်တဲ့ အောက်စီဂျင်မကြိုက်တဲ့၊ သွားဖုံးကိုပိုပြီးဖျက်ဆီးနိုင်တဲ့ပိုးမွှားတွေက ခိုအောင်းနေပါတယ်။ ခံတွင်းထဲမှာ ပုံစံမမှန်တဲ့စွပ်သွားတွေစိုက်ထားရရင်လည်း ပိုးမွှားပိုပြီးကပ်နိုင်လို့ တနေရာထဲမှာသွားဖုံးရောင်နေနိုင်ပါတယ်။
ဒါတွေအများကြီးဖတ်ပြီးတော့ ကြောက်စရာတော့မဟုတ်ပါဘူး။ သွားဖုံးသွေးထွက်တာဟာ (သွားရောဂါကြောင့်ဆိုရင်) သတိပေးတဲ့လက္ခဏာဖြစ်တယ်ဆိုတာ သဘောပေါက်ပြီး ထိရောက်တဲ့ကုသမှု၊ ကာကွယ်မှုလုပ်မယ်ဆိုရင် ပုဆိန်နဲ့ပေါက်ရတဲ့အဆင့်အထိမရောက်နိုင်ဘူးဆိုတာ၊ သိထားဖို့ပါဘဲ။

သွားဖုံးသွေးထွက်သွေးယိုတာကို၊ သွားဖုံးရောဂါအပြင်၊ တခြားအရေးကြီးတဲ့ ရောဂါတွေမှာပါတွေ့ရတတ်လို့ ပေါ့ပေါ့ဆဆတော့မတွေးသင့်ပါဘူး။
၁။ Agranulocytosis သွေးဆဲလ်ဖွဲ့စည်းမှုချို့ယွင်းရောဂါ-အဖျားတက်ခြင်း၊ အားနည်းခြင်းတို့နဲ့တွဲတွေ့ရပါတယ်။
၂။ Aplastic anaemia သွေးအားနည်းရောဂါ-သွားဖုံးအပြင်၊ နားခေါင်းသွေးထွက်ခြင်း၊ အညိုအမဲအကွက်များပေါ်ခြင်း၊ အားနည်းခြင်း၊ နှလုံးတုန်ခြင်း၊ မောပန်းအသက်ရှူမ၀ခြင်း လက္ခဏာများပူးတွဲတွေ့ရပါတယ်။
၃။ Liver Cirrhosis အသည်းခြောက်ရောဂါ-ရောဂါနောက်ဆုံးအဆင့်ကျမှ၊ ရေဖျင်းစွဲခြင်း၊ နားခေါင်းသွေးနဲ့ တခြားနေရာတွေပါသွေးယိုခြင်းစတာတွေနဲ့တွဲတွေ့ရပါတယ်
၎။ Ehlers-Danlos syndrome - အရေပြားအောက်သွေးထွက်တဲ့လက္ခဏာဖြစ်တဲ့ အညိုအမဲအကွက်ထွက်လွယ်ခြင်း၊ အရေပြားဆိုင်ရာလက္ခဏာတွေပါပြတတ်တဲ့မွေးရာပါရောဂါတမျိုး
၅။ Hemophilia သွေးမတိတ်ရောဂါ - သွားဖုံး၊ နာခေါင်းတို့မှသွေးထွက်ခြင်းအပြင်၊ ဒဏ်ရာရပါက သွေးမတိတ်နိုင်ခြင်း၊ အဆစ်အမြစ်များမှာသွေးထွက်လို့ အဆစ်ရောင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း စတာတွေနဲ့တွေ့ရပါတယ်။
၆။ Hereditary hemorrhagic telangiectasia - မွေးရာပါသွေးရောဂါတမျိုး-နှုတ်ခမ်း၊ ပါး၊ လက်၊ ခြေထောက် စတာတွေမှာပါ သွေးယိုတဲ့ အကွက်တွေထွက်နိုင်ပါတယ်။
ရ။ Leukemia -သွေးကင်ဆာရောဂါ - သွားဖုံးမှသွေးအလိုလိုထွက်ပြီး သွားဖုံးသားဖောင်းကြွကာ၊ အပြာရောင်သန်းနေတတ်ပါတယ်။ နှာခေါင်းသွေးထွက်တာနဲ့အတူ၊ ရာသီသွေးအလွန်အကျွံဆင်းတာ၊ အဖျားတက်၊မောပန်း၊ ရင်တုန်၊ အသက်ရှူမ၀တာ၊ ဘေလုံးကြီးတာ၊ အစားအသောက်ပျက်တာတွေနဲ့တွဲတွေ့ရပါတယ်။
၈။ Thrombocytopenia - သွေးခဲစေတဲ့ပလိတ်လက်ဆဲလ်အားနည်းရောဂါ-သွားဖုံးအပြင် အရေပြားမှာပါ သွေးထွက်လို့ အညိုအမဲကွက်တွေ၊ အစက်အပြောက်တွေအနှံ့အပြားထွက်နိုင်ပါတယ်။
၉။ Vitamin C deficiency (scurvy) - ဗီတာမင်စီဓာတ်ချို့တဲ့ခြင်း- မြန်မာတွေစားလေ့သောက်လေ့ရှိတဲ့အစားဓလေ့ကြောင့် ဖြစ်ခဲတဲ့ရောဂါပါ။ သွားဖုံးဟာနီနေရောင်နေပြီး သွေးအလိုလိုထွက်ပါတယ်။ အရေပြားအကွက်တွေနဲ့၊ အားနည်းတာ၊ မလှုတ်မရှားချင်တာ၊ စိတ်ဂယောက်ဂယက်ဖြစ်တာတွေပါတွဲတွေ့ရတတ်ပါတယ်။
၁၀။ Vitamin K deficiency - ဗီတာမင်ကေချို့တဲ့ခြင်း- သွားတိုက်ရင်သွေးထွက်တာက ပထမဆုံးပြတဲ့ရောဂါလက္ခဏာဖြစ်တတ်ပါတယ်။ နှာခေါင်းသွေးထွက်ခြင်း၊ သွေးဝမ်းသွားခြင်းစတာတွေလည်းဖြစ်နိုင်ပါတယ်။
၁၁။ ဆေးများ-Warfarin- heparin စတဲ့သွေးကြောထဲသွေးမခဲအောင်စားရတဲ့ဆေးတွေ၊ aspirinနဲ့တခြားအကိုက်အခဲပျောက်ဆေးတွေ ရေရှည်သောက်သုံးနေရသူတွေမှာလည်းတွေ့နိုင်ပါတယ်။

4 comments:

မဟာဆန် said...

ကျွန်မလဲ သွားတိုက်ရင် သွေးထွက်တတ်တယ်။ တခြားအချိန်တွေဆိုရင်တော့ မထွက်ပါဘူး။ အဲဒါ ဆေးခန်းပြဖို့ လိုပြီလားရှင်။

Dr. Nyan said...

ပြဖို့လိုပါတယ်ခင်ဗျာ။ စောစောကု မြန်မြန်ရောဂါကင်းပါဘဲ။

kyawkyaw said...

thaks alot. This post is really valuable for me.

Anonymous said...

ဒေါ်ထားထားမေ. . .ဆိုလို့ ရှယ်ရီလည်း ဘဏ်ကအမကိုသတိသွားရတယ်. . .စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဗျာ. . .နေမကောင်းလို့စိတ်ညစ်ရတဲ့ကြားထဲ အသံကောင်းလားလို့အနောက်ခံ၇တာက
သေချင်စိတ်တောင်ပေါက်တယ်. . .ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကြီးအတွက် ဘာမှလည်းမသိပဲနဲ့ ပြဿနာရှာခံနေရသလိုပဲ. . .ကိုအောင်ခိုင်နဲ့တောင်စကားပြောဖြစ်သေးတယ် ကိုယ့်ရဲ့ကင်ဆာအကြောင်းနဲ့ပါတ်သတ်ပြီး. . .မဆိုင်တာတွေနဲ့ တိုင်ပါတ်မခံချင်ဘူး. . .(11)ဆိုတဲ့ ကောင်မလေးကိုဒေါ်ထားထားမေ
ကောင်းကောင်းသိပါတယ်. . .ဘဏ်စာအုပ်ထောက်ခံသူရှာပေးဖို့ သူ(၂)ရက်လောက်ညှင်းပန်းလိုက်တဲ့သူလေ. . .ထမင်းတောင်ငတ်သေးတယ် . . .အပိုတွေကြားရတာ နားခါးတယ်ဗျာ . .ကိုယ့်ဘာသာဂျိုကာချင်ကာမကာချင်နေ ဘယ်သူ့အပူပါလို့လည်း သိသလောက်သာထိုင်ပြောပြရရင် နားတောင်ဆံ့မှာမဟုတ်ဘူး. . .ကိုယ့်ဘာသာအေးအေးဆေးဆေးနေတာလာမရှုပ်ကြပါနဲ့. . .ဘာရောဂါဖြစ်ဖြစ်ပေါ့. . .သတ္တ၀ါတိုင်းမသေသူမရှိဘူး. . .တကယ်စိတ်အနှောင့်အယှက်ဖြစ်တယ်။